Main menu

Background

သဘာဝမှိုနီအခြောက်ခံလုပ်ငန်းအကြောင်း တစေ့တစောင်း

Thu, 01/19/2023 - 14:29 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဘန်းကျေးရွာရှိ မှိုနီအခြောက်ခံလုပ်ငန်းများသို့ သွားရောက် ၍ မှိုနီစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းခြင်းဆောင်ရွက်ခဲ့သည်။
မှိုနီကို ရှမ်းဘာသာဖြင့် ဟစ်လျှဲန်းဟုခေါ်ပြီး ပုံဏ္ဌာန်အားဖြင့် လင်ဇီးမှိုနှင့်ဆင်တူသည်။ မှိုပွင့်အရိုးတံနှင့်အပွင့် အောက်ပိုင်းတွင် အဖြူရောင်ရှိကာ အပေါ်ပိုင်းမှာအနီရောင်ရှိသည်။ မှိုနီသည် မိုင်းယောင်းမြို့နယ်ရှိ သစ်တောများ အတွင်း သဘာဝအလျောက် ပေါက်ရောက်နေကြပြီး နှစ်စဉ် မေလမှ နိုဝင်ဘာလကုန်ပိုင်းအထိ ရှာဖွေရရှိသည်ဟုသိရ သည်။ တောတောင်များမှရှာဖွေရရှိလာသော မှိုနီများကို ဒေသခံများက ချက်ပြုတ်စားသောက်ကြသည်။  မှိုအခြောက်ခံ လုပ်ငန်းလုပ်ကိုင်သူများက မှိုအပွင့်အစို တစ်ကီလို ကျပ် ၁၈၀ဝ၀မှ ကျပ်၂၄၀ဝ၀ အထိနှင့် မှိုအဖူး/အငုံအစို တစ်ကီလို ကျပ် ၄၈၀ဝ၀ မှ ၅၄၀ဝ၀ အထိ မှိုအနေအထားကိုကြည့်၍ မှိုရှာဖွေသူများထံမှ ဝယ်ယူကြသည်ဟု သိရသည်။
ဝယ်ယူရရှိထားသော မှိုအစိုများကို အခြောက်ခံရန်အတွက်မီးဖိုအတွင်းရှိ ကျက်ခိုးစင်များပေါ်တွင် တင်ကာ မှိုင်းခံပေးရသည်။ မှိုအခြောက်ခံရန်အတွက် သီးသန့်ပြုလုပ်ထားသောမီးဖိုးမှာ အလျား ၆ပေ၊ အနံ၃ပေ၊ အမြင့်၅ပေခန့် ရှိပြီး မှိုများတင်ရန်အတွက် ကျက်ခိုးစင် ငါးထပ်မှ ခြောက်ထပ်ထိပါရှိသည်။ ထင်းမီးကိုအသုံးပြု၍ နှစ်ရက်သုံးရက် ခန့် မှိုများကို မှိုင်းခံပေးပြီးပါက ရောင်းတန်းဝင် မှိုနီအခြောက်များရရှိသည်ဟု သိရသည်။ 
မှိုနီအစို ၁၀ကီလိုကို အခြောက်ခံပါက မှိုခြောက် ၂ ဒသမ ၅ ကီလိုမှ  ၃ ဒသမ၅ ကီလိုခန့်သာ ပြန်လည်ရရှိပြီး ရရှိလာသော မှိုနီအခြောက်များကို ပလတ်စတစ်အိတ်များဖြင့်တစ်ထုပ်လျှင် တစ်ကီလိုထည့်ကာ  လေလုံအောင် ပိတ်၍ သိုလှောင်ကြသည်။ အခြောက်ခံပြီးသောမှိုနီများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ပြီး   ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ အထူး(၄)ဒေသ မိုင်းလားမြို့သို့လည်း တင်ပို့ရောင်းချသည်ဟု သိရသည်။ မှိုနီအပွင့်အခြောက် တစ်ကီလိုကို ကျပ် ၈၀ဝ၀ဝမှ ၁၁၀ဝ၀ဝထိ ရောင်းချပြီး မှိုနီ အဖူး/အငုံအခြောက် တစ်ကီလိုလျှင်  ကျပ် ၁၆၀ဝ၀ဝ မှ၂၀ဝ၀ဝ၀ထိ ပြန်လည်ရောင်းချကြရသည်ဟု မှိုနီအခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။
မိုင်းယောင်းမြို့နယ်ရှိ မှိုနီအခြောက်ခံလုပ်ငန်းများကို လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်လုပ်ကိုင်လာကြသော လုပ်ငန်းများဖြစ်ကြပြီး မိုင်းယောင်းမြို့နယ်တွင် မှိုအခြောက်ခံလုပ်ငန်းလုပ်ကိုင်သူ ၂၀  ဦးခန့်ရှိသည်။ မှိုအခြောက်ခံ လုပ်ငန်းများကို မိမိတို့ခြံဝိုင်းများအတွင်း မှိုင်းခံမီးဖိုများ တည်ဆောက်၍ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသော စီးပွားရေးလုပ်ငန်းဖြစ်သည်။ 
တောတောင်များအတွင်း  သဘာဝအလျောက် ပေါက်ရောက်နေသောမှိုနီများကို မှိုရှာဖွေသူများက ရှာဖွေ၍ မှိုအခြောက်ခံလုပ်ငန်းများသို့  ပြန်လည်ရောင်းချခြင်းအဖြစ် ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ သကဲ့သို့ မှိုအခြောက်ခံလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း မိသားစုတစ်ပိုင်တစ်နိုင်  စီးပွားရေးလုပ်ငန်းအဖြစ် အကျိုးအမြတ်ရရှိနေကြောင်း သိရသည်။                                                                        

စိုင်းဟုန်ရှန်(DOCA-TCL)