Main menu

Background

ဂျင်း(သွေးဂုံး)သားပေါက်များ ဈေးကောင်းရလျက်ရှိ

Mon, 02/13/2023 - 16:10 -- journal_editor

ဂျင်း(သွေးဂုံး)ကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ကျော်အနက် နုန်းမြေကောင်းသည့် ကျေးရွာအများစုတွင် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြပြီး ဂျင်း(သွေးဂုံး)သားပေါက်များ  ဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။
ဂျင်း(သွေးဂုံး)သားပေါက်များကို  ရေကန်တောင် ကျေး ရွာတွင် အများဆုံးထွက်လေ့ရှိပြီး   ဂျင်းမွေးမြူခြင်းလုပ်ငန်းအတွက် သားပေါက်များ  အများအပြားဝယ်ယူပြီး ပြန်လည် ရောင်းချလျက်ရှိကြောင်း ဂျင်းမွေးမြူသူထံမှ သိရှိရသည်။
ယခုနှစ်တွင် ဂျင်းသားပေါက် ရှားပါးခြင်းနှင့် အများအပြား  ဝယ်ယူခြင်းတို့ကြောင့်လည်း ဈေးတက်သွားခြင်းဖြစ်ကြောင်း၊ ယခင်က တစ်ခြင်းလျှင် ရွာပေါက်ဈေး ကျပ်နှစ်သိန်းကျော်သာရှိပြီး ဂျင်းသားပေါက်အရ နည်းခြင်း၊ စောင့်ဆိုင်းရ ခြင်းကြောင့် တစ်ဆင့်ခံ ရောင်းချသူတို့က ကျပ်လေးသိန်းကျော်ဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း ဂျင်းမွေးမြူသူထံမှ သိရှိရသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနှင့်  ဖေဖော်ဝါရီလအတွင်း တွင် ဂျင်းသားပေါက်တစ်ခြင်းလျှင် ကျပ်နှစ်သိန်းနီးပါးအထိသာ ဈေးရှိခဲ့ပြီး ယနေ့ ကျွန်းစုမြို့နယ်တွင် ဂျင်း(သွေးဂုံး)သား ပေါက် ၂၅ကီလိုပါ တစ်ခြင်းလျှင်  ကျပ်လေးသိန်းကျော်အထိ ဈေးပေါက်နေကြောင်း၊ ဂျင်း(သွေးဂုံး)သားပေါက် တစ်ကီလိုလျှင် ကျပ် ၁၈၀ဝ၀မှ ကျပ် ၃၀ဝ၀ဝ ခန့် ဈေးရရှိပြီး ဈေးကွက်ဝင် ဂျင်းဖြစ်ပါက တစ်ကီလိုလျှင် ကျပ် ၆၅၀ဝ ခန့်ရှိကြောင်း  ဂျင်း မွေးမြူသူတို့ထံမှ သိရသည်။  
ဂျင်း(သွေးဂုံး)က ကျန်းမာရေးအရ အသည်းနှင့်ကျောက်ကပ် အားဖြည့်ပေးပြီး သွေးတွင်းအဆီများနေသူ၊  အစာအိမ် ရောဂါ အခံရှိသူများအတွက် စားသုံးရန် ပိုမိုသင့်လျော်သော ကြောင့် အိမ်နီးချင်းနိုင်ငံများမှ အများအပြား ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဂျင်းတို့အား မောတောင်နယ်စပ် ဂိတ်မှတစ်ဆင့် ထိုင်းသို့အများဆုံးတင်ပို့ရောင်းချလေ့ရှိကြောင်း မြိတ်မြို့ရှိ ရေထွက်ကုန် အဝယ်ဒိုင်တို့ထံမှ သိရသည်။
ကျော်ဝင်းနိုင်(မြိတ်)