Main menu

Background

ပင်လယ်စာတွင် မပါမဖြစ်သော ကင်းမွန်နှင့် ဈေးကွက်အခြေအနေ

Tue, 03/14/2023 - 12:46 -- journal_editor

ကင်းမွန်သည် ရေငန်တွင်အသက် ရှင်နေထိုင်လျက်ရှိကြပြီး အချို့က ပြည်ကြီးငါးလို့လည်း ခေါ်ကြသည်။ ရေငန်ပိုင်းနေ ကျောရိုးမဲ့၊ အခွံမဲ့ ရေနေသတ္တဝါများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပုံသဏ္ဌာန်တူသည်ဟု ထင်ရသော်လည်း   ကင်းမွန်၏  ခန္ဓာ ကိုယ်ပုံပန်းသဏ္ဌာန်မှာ ရှည်မျောမျော ရှိပြီး  ပြည်ကြီးငါး၏  ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်မှာ လုံးဝန်းလျက်ရှိသည်။
ကင်းမွန်သည်  တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိကြပြီး အများအား ဖြင့် ရေအပူချိန်တိုးလာချိန်များ၌ ပိုပြီး သားပေါက်ကြသည်။  အသေးဆုံး ကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီး ခန့်မှန်းအားဖြင့် ကင်းမွန်များ၏ သက်တမ်းမှာ သုံးနှစ်သာ ရှည်ကြသည်။  ကင်းမွန်အမမှာ ဥပေါင်း တစ်သိန်းကျော်ထိ ဥ ဥနိုင်ကြ သည်။ ဧပြီ၊ မေလများသည် ကင်းမွန်များ သားပေါက်ရာသီ ဖြစ်သောကြောင့် ထိုကာလ၌ ကင်းမွန်ဖမ်းခြင်းကို ရပ်ဆိုင်းထားပြီး သတ်မှတ်ကာလမှအပ ကင်းမွန်များကို အများအားဖြင့် လပြည့် ကျော် ၄ ရက်ခန့်မှစ၍ ဖမ်းဆီးကြ သည်။ အဓိကအားဖြင့် ဆောင်းဦးအစမှ နွေဦးပေါက်သည်အထိ ဖမ်းဆီးရမိမှု ပိုမိုများပြားလျက်ရှိကြောင်း သိရှိရ သည်။
ကင်းမွန်ကို တနင်္သာရီ၊ ရခိုင်ကမ်း ရိုးတန်းဒေသနှင့်  မြိတ်ကျွန်းစုတို့တွင် အများဆုံး တွေ့ရှိရပြီး မွန်ပြည်နယ်တို့ တွင်လည်း ဖမ်းဆီးရမိကြသည်။ မြိတ် ဒေသတွင် ဖမ်းဆီးရမိသည့် ကင်းမွန် အရွယ်အစားမှာ တစ်လက်မအရွယ်မှ ၁၀ လက်မအရွယ်ခန့်ရှိပြီး ဖမ်းဆီးရမိသည့် ကင်းမွန်များကို ပြည်တွင်းနေရာ အနှံ့အပြားသို့ ပို့ဆောင်လျက်ရှိကြသည်။ ကင်းမွန်ကို ဈေးကွက်တွင် အရွယ်သုံးမျိုးခွဲခြားလျက်ရှိပြီး နှစ်လက်မ နှင့်အောက်ကို ကင်းမွန်ခြောက်ပြုလုပ်၍ ရောင်းချလျက်ရှိပြီး သုံးလက်မနှင့် အထက်ကင်းမွန်များကို  ရေခဲရိုက်၍ သော်လည်းကောင်း၊ သန့်စင်၍အကွင်း လိုက်ပြုလုပ်၍သော်   လည်းကောင်း ရောင်းချလျက်ရှိသည်။ အကွင်းလိုက် ပြုလုပ်ထားသော  ကင်းမွန်များကို  တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူကြပြီး အကောင်လိုက်  ရေခဲရိုက်ထားသော ကင်းမွန်များကို ထိုင်းနိုင်ငံသို့  အများဆုံး တင်ပို့ရောင်းချလျက်ရှိ ကြသည်။
ယခင်က  ဈေးကွက်ဝင် ကင်းမွန် တစ်ပိဿာလျှင် ကျပ်  ၁၅၀ဝ၀ ခန့်ရှိရာ မှ  ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်း မြင့်မားလာခြင်းနှင့် ကင်းမွန်အရနည်း ခြင်းတို့ကြောင့် ဈေးကွက်ဝင် ကင်းမွန် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀ ခန့်ထိ ဈေး ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ကင်းမွန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရှိရသည်။

ကျော်ဝင်းနိုင် (မြိတ်)