Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်မြင့် ရေထွက်ပို့ကုန်များ တင်ပို့လျက်ရှိ

Wed, 05/10/2023 - 11:07 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မြိတ်နှင့် ကျွန်းစုမြို့နယ်တို့ရှိ ‌ဒေသခံပြည်သူအများစုသည် ကမ်းနီး ကမ်းဝေး ငါးဖမ်းခြင်းလုပ်ငန်းများကို နေထိုင်လုပ်ကိုင်ကြပြီး ရရှိလာသော ပုစွန်၊ ကင်းမွန်နှင့် အရည်အသွေး၊ အရွယ်အစား ပြည့်မီသော ငါးမျိုးစုံတို့ကို ကုန်သည်လုပ်ငန်းရှင်များက ဝယ် ယူပြီး ကော့သောင်းဆိပ်ကမ်း (Check Point) မှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ရောင်းချလျက်ရှိ သည်။ အရွယ်အစားသေးငယ်သည့် ငါးမျိုးစုံနှင့် ပြည်ပရောင်းချရန် ဈေးကွက် စံချိန်စံညွှန်းမမီ အရွယ်အစားသေးငယ် သည့် ငါးမျိုးစုံတို့အား ဒေသတွင်း စားသုံးရန်အတွက်နှင့် ပိုလျှံသော ငါးများအား ငါးအသားလွှာ၊ ငါးကြိတ်သား၊ ငါးမှုန့် ထုတ်လုပ်သည့် ကုမ္ပဏီများက ဝယ်ယူကာ ၎င်းတို့စက်ရုံများ တွင် တစ်ဆင့်မြင့်ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ပြီး ထိုင်း နိုင်ငံ၏ အကောက်ခွန် သက်သာခွင့်  Form-D အကျိုးခံစားခွင့် ကို ရယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။
တစ်ဖက်  ထိုင်းနိုင်ငံတွင်   ၎င်းကုန်ပစ္စည်းများအား တိရစ္ဆာန်အစားအစာ ထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရှိရသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လအထိ) တင်ပို့နိုင်ခဲ့မှုအနေ ဖြင့် ငါးကြိတ်သား (Threadfin Bream Fish Meat)   ၁၄၂ ဒသမ ၅၆ တန်၊ တန်ဖိုး သုည ဒသမ၂၃၂ ဒေါ်လာသန်း၊ ငါးအသားလွှာ (Fish Meat Frozen) ၃၆၈၄ဒသမ ၇၃၀ တန်၊ တန်ဖိုး ၃ဒသမ၅၁၇ ဒေါ်လာသန်း၊ ငါးမှုန့် (Fish Meal)  ၉၇၈၇ ဒသမ ၁၂၃ တန်၊ တန်ဖိုး  ၂၀ ဒသမ ၁၂၁ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။     
ထုတ်လုပ်တင်ပို့သည့် အဓိကကုမ္ပဏီများမှာ Vantage Co.,Ltd, Pyi Phyo Tun Co.,Ltd, Htoo Htoo Toe Co.,Ltd, Macro Industry Co.,Ltd နှင့် အဆောင်ကောင်းကုမ္ပဏီများ ဖြစ်ပြီး အခြေခံလုပ်သားတို့၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုပေးလျက်ရှိသလို နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေ တိုးပွားစေလျက်ရှိကြောင်း သိရသည်။           

မြိတ်ကုန်သွယ်ရေးစခန်း