Main menu

Background

အမေရိကန်နိုင်ငံတွင် မေလအတွင်းက ပို့ကုန်သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခဲ့

Tue, 06/30/2015 - 20:52 -- journal_editor

အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ မေလ၌ ပို့ကုန်သွင်းကုန်ဈေးနှုန်း နှစ်ရပ်စလုံးမြင့်တက်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Bureau of Labour Statistics  ကဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုနှစ်မေလတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် သွင်းကုန်ဈေးနှုန်းများသည် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဇွန်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်မြင့်တက်လာခြင်း ဖြစ်ပါသည်။ သွင်းကုန်ဈေးနှုန်းသည် ဖေဖော်ဝါရီလတွင် သုည ဒသမ ၄ ရာခိုင်နှုန်းနှင့်မတ်လနှင့်ဧပြီလအတွင်းကမူ သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ မေလအတွင်းက သွင်းကုန်ဈေးနှုန်းမြင့်တက်ခဲ့ သော်လည်း ယခင်နှစ်အလားတူကာလရှိ ဈေးနှုန်းထက် ၉ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းပါသည်။
လောင်စာဆီတင်သွင်းမှု (Fuel Imports)  ဈေးနှုန်းသည် ဧပြီလတွင် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာမှ မေလတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပါ သည်။ လောင်စာဆီမှအပအခြားသွင်းကုန်များ (All Imports Excluding Fuel) ၏ဈေးနှုန်းသည် ဧပြီလတွင် သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး မေလတွင်မှု ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။ မေလတွင် အစားအစာ၊ အဖျော်ယမကာဈေးနှုန်းများ မြင့်တက်သော်လည်း အရင်း အနှီးကုန်စည်များ လောင်စာဆီမဟုတ်သည့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ နှင့်မော်တော်ယာဉ်တို့၏ ဈေးနှုန်းများသည် ကျဆင်းခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ မေလတွင် ပို့ကုန်ဈေးနှုန်းများသည် သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လ နောက်ပိုင်းအမြင့်ဆုံးဖြစ် ပါသည်။ မေလတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် တစ်ရာခိုင်နှုန်းကျဆင်းပြီး စိုက်ပျိုးရေးမဟုတ်သည့်ထွက်ကုန်များ၏ ဈေးနှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့