Main menu

Background

စီးပွားရေးလုပ်ငန်းစုများ ပြန်လည်တည်ဆောက်ခြင်းကို တောင်ကိုရီးယားအစိုးရက တွန်းအားပေးဆောင်ရွက်မည်

Thu, 02/18/2016 - 09:27 -- journal_editor

          တောင်ကိုရီးယားအစိုးရအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ၎င်းတို့၏  စီးပွားရေးလုပ်ငန်း ပြန်လည်ဖွဲ့စည်းနိုင်ရန် ကုမ္ပဏီများကို ကူညီပံ့ပိုးပေးမည်ဟု စက်မှုဝန်ကြီးဌာနဝန်ကြီး Joo Hyung-hwan ကဆိုသည်။ Samsung Electronics နှင့် ဟွန်ဒိုင်းမော်တာအပါအဝင် နိုင်ငံ၏ ထိပ်တန်း လုပ်ငန်းစုကြီး ၃၀ ၏ စီအီးအိုများနှင့်တွေ့ဆုံစဉ်က အဆိုပါ အစီအစဉ်ကို ဝန်ကြီးကထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
           သံမဏိစက်ရုံ၊ ရေနံဓာတုနှင့် သင်္ဘောတည်ဆောက်သည့် လုပ်ငန်း များသည် စက်မှုလုပ်ငန်းပြန်လည်တည်ဆောက်ခြင်းအတွက် အစိုးရက အဓိကထားဆောင်ရွက်မည့်လုပ်ငန်းများဖြစ်ကြောင်း စက်မှုလုပ်ငန်း စောင့် ကြည့်သူများက ပြောကြားခဲ့သည်။ ပို့ကုန်ကျဆင်းခြင်းသည် ရေနံဈေးနှုန်း ကျဆင်းခြင်းနှင့် နိုင်ငံ၏အဓိကအကြီးမားဆုံး ပို့ကုန်ဈေးကွက် ဖြစ်သည့် တရုတ်နိုင်ငံမှ ဝယ်လိုအားလျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ပို့ကုန်ကျဆင်း မှုနှင့် အတူ ပြည်တွင်းစားသုံးမှုသည်လည်း ကျဆင်းသည့် လက္ခဏာရှိနေပြီး နိုင်ငံ၏ စားသုံးသူညွှန်းကိန်းသည်လည်း ကျဆင်းဖွယ်ရှိသည်။ အဆိုပါ  အချက်အလက်များအရ ကုန်သွယ်ရေး နှင့်ဆိုင်သည့် ဝန်ကြီးဌာနအနေဖြင့်  စိန်ခေါ်မှုများအတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်း၍ အဖြေရှာနိုင်ရန်  စီးပွားရေးလုပ်ငန်းစုများနှင့် အစည်း အဝေးတစ်ရပ်ကျင်းပနိုင်ရေးစီစဉ် ဆောင်ရွက်ခဲ့သည်။ အဆိုပါအစည်းအဝေး၌ အချို့သောကဏ္ဍများတွင် စီးပွားရေးလုပ်ငန်း အသစ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် စည်းမျဉ်း၊လုပ်ထုံးလုပ်နည်းများ အဆင်ပြေလွယ်ကူစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။ အစိုးရအနေဖြင့်  စီးပွားရေးလုပ်ငန်းသစ်များ၊ နည်းပညာ သစ်များ ဖန်တီးလုပ်ကိုင်ခွင့်ပေးခြင်းဖြင့် စီးပွားရေးဆိုင်ရာ မူဝါဒ များကို ပြုပြင်ပြောင်းလဲရန် အချိန်ဖြစ်ကြောင်း ကိုရီးယားစက်မှု လုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။                                 

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့