
အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ၌ ရူပီးငွေ ဈေးနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် အားကောင်းနေခဲ့ပြီး ယခုနှစ်တွင် သိသိသာသာ ကျဆင်းလာကြောင်း၊ ထိုသို့ကျဆင်းမှုမှာ ယခုနှစ်အတွင်း ခြောက်ရာခိုင် နှုန်းခန့်အထိရှိပြီဖြစ်ကာ အမေရိကန် တစ်ဒေါ်လာ လျှင် ၆၈ ရူပီးဝန်းကျင်တွင် ရှိနေကြောင်း၊ ကျွမ်းကျင် သူအချို့က ပြောကြားရာ၌ ရူပီးငွေကြေးမှာ အမေရိကန် တစ်ဒေါ် လာလျှင် ရူပီး ၇၀ အထိ ရောက်ရှိနိုင် သည့်ဖြစ်နိုင်ခြေမှာ ပိုများလာသည်ဟု သုံးသပ်ခန့် မှန်းထားကြောင်း သိရှိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် ရူပီးငွေတန်ဖိုး အားနည်းနေခြင်းမှာ တဒင်္ဂမျှဖြစ်ပေါ်သည့်အရာဟု မှတ်ယူ၍ မရကြောင်း၊ ငွေကြေးဖောင်းပွမှုအနေအထားမှာ ပြောင်းလဲနေပြီးအိန္ဒိယအနေဖြင့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်နေခြင်း၏ ဒဏ်ကိုခံနိုင် စွမ်းနည်းကြောင်းIFA Global က သုံးသပ်ပြောကြား ထား ကြောင်း သိရှိရပါသည်။ IFA Global ၏ သုံးသပ် ချက်များ အရ အောက်ဖော်ပြပါအချက်များသည် အမေရိကန် ဒေါ်လာနှင့်လဲလှယ်ရာ၌ ရူပီးငွေ တန်ဖိုးကျဆင်းရ သည့် အကြောင်းအရာများမှာ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများမှာ တစ်စည်လျှင်အမေရိကန်ဒေါ်လာ၈၀နီးပါးအထိ မြင့်တက်လာနေခြင်းကြောင့် နိုင်ငံ ရေနံလိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်းနေရသည့်အိန္ဒိယအတွက် နိုင်ငံခြားငွေပိုမိုလိုအပ်လာခြင်း၊အဓိကအားဖြင့်စက်သုံးဆီ ဈေးနှုန်းနှင့်စားသောက်ကုန် ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့်ဧပြီလတွင်အိန္ဒိယ၏ နှစ်စဉ်လက်လီနှင့်လက်ကားဈေးနှုန်း ဖောင်းပွမှုနှုန်းများပါ မြင့် တက်လာခဲ့ခြင်း၊ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ကုန် သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၅ ဘီလီယံသာ ရှိသော်လည်း ယခုနှစ် ဧပြီလတွင် ကုန် သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၂ ဘီလီယံမြင့်တက်လာခြင်း၊ အခြားငွေကြေးများနှင့် နှိုင်းယှဉ်ပါကလည်း အမေရိ ကန်ဒေါ်လာတန်ဖိုး မှာ သိသိသာသာမြင့် တက်လာခြင်း၊ ပြည်တွင်းအရင်း အနှီး ဈေးကွက်များမှ ပြည်ပသို့ စီးဆင်းမှုများမှာ လည်း ရူပီးငွေတန်ဖိုးကို ကျဆင်းစေသည့် အကြောင်း အချက်များတွင် ပါဝင်ကြောင်း သိရသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့
