Main menu

Background

အိန္ဒိယနိုင်ငံ ပဲစင်းငုံတင်သွင်းခွင့် ထပ်တိုးကိုတာ သတ်မှတ်ချက် အတည်ပြုချက်ထုတ်ပြန်

Thu, 08/01/2019 - 14:15 -- journal_editor

အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ် အတွင်း ပဲစင်းငုံတင်သွင်းခွင့် ကိုတာ သတ်မှတ်ချက် ကို မူလက  တန်ချိန်နှစ်သိန်း  သတ်မှတ် ထားရာမှ  နောက်ထပ်  တန်ချိန်နှစ်သိန်း တိုးမြှင့်ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း ဇွန် ၁၁ ရက်၌ စားသုံးသူရေးရာ၊ စားသောက် ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးရေးရာဝန်ကြီး Mr. Ram Vilas Paswan  က ပြောကြားခဲ့သည်။ ယခုအခါ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်S.O. No.2322(E)  အရ ပဲစင်းငုံတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်အား စုစုပေါင်းတန်ချိန် လေးသိန်းအထိ တိုးမြှင့်တင်သွင်း ခွင့်ပြု လိုက်ကြောင်း ပြည်ပကုန်သွယ်မှု ညွှန်ကြား ရေးဦးစီးဌာန (DGFT)  က ဇူလိုင် ၅ ရက်တွင် ကုန်သွယ်မှု နှိုးဆော်အသိ ပေးချက်ထုတ်ပြန် လျက် အတည်ပြုလိုက်ပြီ ဖြစ်သည်။
အဆိုပါ အမိန့်ကြော်ငြာစာတွင် အိန္ဒိယ နိုင်ငံ၏ ၂၀၁၅-၂၀၂၀ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံအား ပြည်ပကုန် သွယ်မှု ညွှန်ကြားရေးဦးစီးဌာနက သတ်မှတ် သည့် ဘဏ္ဍာရေးနှစ်အတွင်း ကိုတာ တန်ချိန် လေးသိန်းအထိ ကန့်သတ်တင်သွင်းခွင့်ပြု လိုက်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရ၏ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာ အဆင့် လက်မှတ်ရေးထိုးထား ရှိသည့် နားလည်မှုစာချွန်လွှာ(MoU) များ နှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ကြော်ငြာ စာသည် နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ပါရှိသည့်နေ့ရက်မှစ၍  သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံတင်သွင်းခွင့်နှင့်  စပ်လျဉ်း၍  မူလ သတ်မှတ်ထားသည့်   တန်ချိန်နှစ်သိန်း အတွက် အပြီးသတ်ကိုတာ ခွဲဝေမှုကို ဆောင် ရွက်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသောထပ်တိုးတန်ချိန် နှစ်သိန်းအတွက်  ပြည်တွင်းရှိ  သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်မှ ၁၅  ရက်အတွင်း  အင်တာနက် အွန်လိုင်းမှ  ကိုတာလျှောက်လွှာများ  တင် သွင်းရနf DGFT မှ  ကုန်သွယ်ရေး  အသိပေး ချက်  ထုတ်ပြန်ထားသည်။  ထပ်တိုး ပဲစင်းငုံ ကိုတာတန်ချိန်နှစ်သိန်းအား တင်သွင်းခွင့်ရရှိ သည့် ကုမ္ပဏီများသည် ၂၀၁၉ ခုနှစ် အောက်တို ဘာ ၃၁ ရက် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းအရောက်  တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။  
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့