Main menu

Background

ဆော်ဒီအာရေးဘီးယား၏ ဆန်တင်သွင်းမှု စံနှုန်းသတ်မှတ်ချက်များအပေါ် အိန္ဒိယဆန်တင်ပို့သူများ စိုးရိမ်လျက်ရ

Tue, 09/03/2019 - 13:51 -- journal_editor

       ဆော်ဒီအာရေးဘီးယားနိုင်ငံ အစားအစာနှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ (Saudi Food and Drug Authority - SFDA)  သည် ဘာစမာတီဆန်များအား တင်သွင်းခွင့်ပြုရာတွင် ဆန် တင်ပို့သူ၏ အသေးစိတ်အချက်အလက် များ ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းမှ အတည်ပြုထားသည့် ဓာတ်ခွဲခန်းများက တင်ပို့သည့် ကုန်စည်အပေါ် ပိုးသတ်ဆေး ဓာတ်ကြွင်းစစ်ဆေးမှု သက်သေခံချက် စသည် တို့ အပါအဝင် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့သူများ လိုက်နာရမည့် လမ်းညွှန်ချက် (Guideline) ခြောက်ရပ်ကို ယခုနှစ် ဇူလိုင်လ၌ ချမှတ်ခဲ့ရာ ၎င်းအချက်များအပေါ် သက်သာခွင့်ပြုထားသည့်ကာလမှာ ကုန်ဆုံးတော့မည် ဖြစ်သည်။
    သို့ဖြစ်ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှေစတင်၍ ဆော်ဒီအာရေး ဘီးယားနိုင်ငံသို့ ဆန်တင်ပို့ရာတွင် အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များသည် အထူးသဖြင့် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှု ကန့်သတ်ချက်ဆိုင်ရာ အရည် အသွေးကိုက်ညီမှု ရှိကြောင်း သက်သေခံလက်မှတ် (Certificate of Conformity) အား သက်ဆိုင်ရာ အာဏာပိုင် အသိအမှတ်ပြုဓာတ်ခွဲခန်းများမှ ရယူခြင်း၊ SFDA က ကောင်းမွန်သော စိုက်ပျိုး ထုတ်လုပ်မှု ကျင့်စဉ်(GAP) နှင့် ကိုက်ညီကြောင်း အသိအမှတ်ပြုထားပြီး ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများထံမှ ဝယ်ယူစုစည်းတင်ပို့မှု ဖြစ်ကြောင်း တင်ပြခြင်း၊ ဘာစမာတီဆန်အစစ် အမှန်ဖြစ် ကြောင်း DNA စစ်ဆေးချက် ရယူတင်ပြခြင်း စသည့် လုပ်ငန်း စဉ်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ အိန္ဒိယက တင်ပို့သည့် ဘာစမာတီဆန်များတွင် အခြားဆန်မျိုးကွဲများ ပါဝင်မှုများပြားသဖြင့် SFDA က ပို့ကုန်အုပ်စု (Consignment) တိုင်းတွင် ဘာစမာတီဆန်ပါဝင်မှု ၉၃ ရာခို င်နှုန်း ရှိရမည်ဖြစ် ကြောင်းလည်း သတ်မှတ်ခဲ့သည်။ သို့ရာတွင် အိန္ဒိယကုန်သည် များဘက်ကမူ ဘာစမာတီဆန် ပါဝင်မှု ၈၅ ရာခိုင်နှုန်း သတ် မှတ်ရန် လိုလားလျက်ရှိကြသည်။
       ဤလုပ်ငန်းစဉ်များ ဆောင်ရွက်ရပါက အိန္ဒိယကုန်သည်များအတွက် လုပ်ငန်းအဆင့်များပြားလျက် ကုန်ကျစရိတ် ပိုမိုလာမည်ဖြစ်ပြီး အခြားသော ဆန်တင်ပို့သည့်နိုင်ငံများနှင့်  ဈေးနှုန်းအရ ပြိုင်ဆိုင်ရမှု မြင့်တက်လာခြင်း ကို ကြုံတွေ့လာရနိုင်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ဘာစမာတီ ဆန်ပြည်ပတင် ပို့ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ တန်ချိန် ၄ ဒသမ ၄၁၄ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဒသမ ၇၁၂ ဘီလီယံကျော်ရှိပြီး ဆော်ဒီအာရေး ဘီးယားနိုင်ငံသို့ တင်ပို့ မှုမှာ ဒေါ်လာ ၉၃၈ ဒသမ ၉၁ သန်း (စုစုပေါင်းတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်း) ခန့်ရှိသည်။ ဆော်ဒီအာရေးဘီးယားနိုင်ငံက သတ်မှတ်လိုက်သည့် ဘာစမာတီဆန် တင်သွင်းမှုလုပ်ငန်း လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍  အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန လက်အောက်ရှိ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များ ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA)သည် ၂၀၁၉ ခုနှစ် သြဂုတ် ၁၀  ရက်တွင် ပြည်တွင်းရှိ ဆန်တင်ပို့သည့်လုပ်ငန်းရှင်များနှင့် အစည်းအဝေးပြုလုပ်ပြီး ၎င်းလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ရန် လိုအပ်သည့် အချိန်ကာလအား တိုးမြှင့်ပေးရေး SFDA သို့ ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရှိရသည်။
     အိန္ဒိယရှိ ဆန်တင်ပို့သူ အချို့က SFDA  ၏ လမ်းညွှန် ချက်ပါ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးမှု သက်သေခံချက် တင်ပြရေးမှာ မည်သည့် ပိုးသတ်ဆေးအား စစ်ဆေးပေးရမည်ကို ဖော်ပြထားခြင်းမရှိသကဲ့သို့ ကုန်အညွှန်း အမှတ်အသား ဖော်ပြရေးသည်လည်း ဆော်ဒီအာရေးဘီးယားရှိ သွင်းကုန်လုပ်ငန်းရှင်က ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်‌ကြောင်း၊ အိန္ဒိယ နိုင်ငံ၌  လယ်ယာလုပ်ငန်းခွင်၏ အရွယ်အစားမှာ အနောက် နိုင်ငံများနှင့်မတူညီဘဲ ကွဲြ ပားခြားနားမှုကြီးမားပြီး အများစုသည် လုပ်ငန်းပမာဏသေးငယ်သည့် လယ်ယာလုပ်ကိုင်သူများဖြစ်ကြောင်း၊ ပြည်ပရှိအဖွဲ့အစည်းတစ်ရပ်ထံမှ အသိအမှတ် ပြုလက်မှတ်ရယူလျက် စိုက်ပျိုးထုတ်ရေးမှာ အိန္ဒိယလယ်သမားများ အတွက် ခက်ခဲကြောင်း ပြောဆိုလျက်ရှိသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့