Main menu

Background

အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့ စီးပွားရေးဆက်ဆံမှုမြှင့်တင်

Thu, 09/26/2019 - 14:48 -- journal_editor

    အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ရုရှား နိုင်ငံ၏ အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေ ဒေါ်လာသန်း ၁၀၀၀ ပေးအပ်မည် ဟူသော ပြောဆိုမှုနှင့်အတူ ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံရာတွင် အရှေ့ ဖျားဒေသသို့ ရှေးရှုဆောင်ရွက်ရေး မူဝါဒကို စတင်ဖော်ဆောင်လိုက်သည်။ စက်တင်ဘာ ၅ ရက် ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ Vladivostok မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ် (Eastern Economic Forum) ၏ သဘာပတိ ဆွေးနွေးပွဲ ၌ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အိန္ဒိယသည် Vladivostok ၌ ကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်လျက် နှစ်နိုင်ငံဆက်ဆံမှု ကို စတင်ဆောင်ရွက်သည့် ပထမဦးဆုံးနိုင်ငံဖြစ်ကြောင်း၊ ရုရှား နိုင်ငံ အရှေ့ဖျားဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် Act Far East ခေါ် အရှေ့ဖျားဒေသသို့ ရှေးရှုဆောင်ရွက်ရေးမူဝါဒကို ချမှတ်လျက် အိန္ဒိယ၏ပူးပေါင်းပါဝင်မှုကို မြှင့်တင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ အရှေ့ဖျား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေ ဒေါ်လာသန်း ၁၀၀၀ ပေးအပ်မည်ဖြစ်ကြောင်း၊ ဤဒေသ၌ လာရောက်အခြေချနေထိုင်လျက်ရှိကြသည့် အိန္ဒိယလူမျိုးများသည်လည်း ဒေသ ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်တပ် တစ်အား ပါဝင်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
        အိန္ဒိယအစိုးရသည် ဝန်ကြီးချုပ်၏ ခရီးစဉ်မတိုင်မီ တစ်လခန့်အလိုကပင် ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ Vladivostok မြို့သို့ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Mr. Piyush Goyal ဦးဆောင်လျက် BJP ပါတီမှ ပြည်နယ် ဝန်ကြီးချုပ် လေးဦးနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၄၀ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ရပ်ကို စေလွှတ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေကို လေ့လာဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြား စိန်အချော ထည်ပြုပြင်မှု၊ မြေရှားသတ္တုထုတ် လုပ်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှု၊ စိုက်ပျိုးရေး၊ သစ်တော၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး လျက်ရှိရာ အရှေ့ဖျားဒေသ စီးပွားရေးဖိုရမ်၌ ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသတွင် အိန္ဒိယက လက်ရှိဆောင်ရွက်လျက်ရှိသော ရေနံတူးဖော်မှုလုပ်ငန်းများအား ရင်းနှီး မြှုပ်နှံမှု ပိုမိုတိုးချဲ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရ သည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့