
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့တွင် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ နှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးတို့ကို စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ ယခုနှစ်သည် တရုတ်-အာ ဆီယံမဟာဗျူဟာ မြောက်မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အနာဂတ် မျှော်မှန်းချက် (၂၀၃၀)ကို အကောင်အထည်ဖော်သည့် ပထမဆုံးနှစ်ဖြစ်သည့်အပြင် တရုတ်-အာဆီယံ မီဒီယာဖလှယ်ရေးနှစ်လည်းဖြစ်သည်။ ဤထူးခြား သည့်နှစ်တွင် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ 'ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ခြင်းဖြင့် ကျွနု်ပ်တို့မျှော်မှန်း သည့် အနာဂတ်တွင် မျှဝေခံစားမည့် အသိုက် အဝန်းတစ်ရပ် ဖြစ်ပေါ်လာရန်' ဟူ၍ ဖြစ်သော ကြောင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဘက်စုံ ကဏ္ဍစုံ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် အဆင့်မြင့်ဆွေးနွေးပွဲများ ပါဝင်ကြသည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အမျိုးသားပြခန်းဆောင်၊ ကုန်စည်ပြခန်းဆောင်၊ ရင်းနှီး မြှုပ်နှံမှုပြခန်းဆောင်၊ ဝန်ဆောင်မှုပြခန်းဆောင်၊အဆင့်မြင့်နည်းပညာပြခန်းဆောင် စသည်ဖြင့် ခွဲခြားပြသထားသည်။ ယခုနှစ် အတွက် အလှည့်ကျသည့် ဂုဏ်ထူးဆောင် နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး အထူးမိတ်ဖက်နိုင်ငံမှာ ပိုလန်နိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံက အမျိုးသားပြခန်းဆောင် နှင့် ကုန်စည်ပြခန်းဆောင်များတွင် ပါဝင်ပြသခဲ့သည်။ ယခုနှစ် တွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာ မြို့တော်အဖြစ် မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရွေးချယ်၍ ကိုယ်စားပြုသည့် အမျိုးသားပြခန်းဆောင်ကို တည်ဆောက် ပြသခဲ့သည်။ ကုန်စည်ပြခန်းဆောင်တွင် စားသောက်ကုန် အမျိုး မျိုး၊ တန်ဖိုးမြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ ကြိမ်ထည်၊ သစ်သား အနုပညာလက်ရာများ၊ သဘာဝဆိုးဆေးဖြင့် ရက်လုပ်ထားသော ချည် ထည်များ၊ အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများဖြစ်သည့် လက်ဖက်၊ ကော်ဖီ၊ အဖိုးတန်ကျောက် မျက်ရတနာများ စသည်တို့ကို ပြခန်းပေါင်း ၁၆၅ ခန်းဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃၇ သန်းဖိုး ပါဝင်ပြသထားသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် လည်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စား လှယ်အဖွဲ့က ပါဝင်ဆွေးနွေးခဲ့သည်။ ထို့နောက် အာဆီယံ စက်မှုဇုန်များ၏ မြှင့်တင်ရေးဆွေးနွေးပွဲ သို့ Kayin State Chamber of Commerce and Industry နှင့် i-Land Industrial Park တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြသည်။
အထက်ဖော်ပြပါ ဆွေးနွေးပွဲများအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်စီးပွားမြှင့်တင်ရေး ဆွေးနွေးပွဲကိုလည်းကျင်းပခဲ့ရာ မြန်မာဘက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးေ အာင်စိုးနှင့် တရုတ် ဘက်မှ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ပါတီ ကော်မတီဝင်နှင့် ဒုတိယညွှန်ကြားရေးမှူး Mr. Lu Xian Bian၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကိုယ်စား မြန်မာနိုင်ငံစက်မှုလုပ်ငန်း ရှင်များအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် i-Land Industr-ial Park မှ အကြံ ပေးပုဂ္ဂိုလ် ဦးမောင်မောင်လှက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြောင်း၊ အောင်နေလင်း ထွန်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာဦးငွေထွန်းက မြန်မာ့ကော်ဖီကဏ္ဍအကြောင်း၊ မြန်မာလက်ဖက် အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်လွင်က မြန်မာ့ လက်ဖက်အကြောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဝါရင့်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန် က မြန်မာ့ငါးလုပ်ငန်းကဏ္ဍ အကြောင်းတို့ကို ရှင်း လင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါပွဲသို့ မြန်မာ နိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် စိတ်ပါဝင်စားသည့် တရုတ်ဘက်က လုပ်ငန်းရှင်များလည်း တက် ရောက်ခဲ့သည်ကိုတွေ့ရသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် ပင်းရှန် အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံကူးသန်းရောင်း ဝယ်ရေးအသင်းတို့အကြား နား လည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၎င်းင်းစာ ချွန်လွှာအရ ပင်းရှန်အပြည်ပြည်ဆိုင်ရာ သစ်သီး ဝလံ ကူးသန်းရောင်းဝယ်ရေးအသင်းက မြန်မာ နိုင်ငံမှ ငှက်ပျောသီး၊ ထောပတ်သီး၊ နာနတ်သီး၊ သရက် သီးနှင့် သခွားမွှေးတို့ကို ဝယ်ယူရန်စိတ် ပါဝင်စားပြီး မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းက တရုတ်နိုင်ငံမှ ပန်းသီး၊ ပန်းသစ်တော်သီးနှင့် မက်မွန်သီးတို့ကို ဝယ်ယူရန် စိတ်ပါဝင်စားလျက်ရှိသည်။ နှစ်နိုင်ငံအကြား သီးနှံ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန်၊ တစ်နိုင်ငံချင်း၏ မူဝါဒနှင့်အညီ ဆောင်ရွက်သွားရန်၊ စားသုံးရန် ဘေးကင်းမှုရှိသော သစ်သီးဝလံများ ဖွံ့ဖြိုးလာစေရေးမြှင့် တင်သွားရန်၊ နှစ်နိုင်ငံလုံးမှ စားသုံးသူများအတွက် အရသာအကောင်းဆုံးဖြစ်သည့် သစ်သီးဝလံများကို မိတ်ဆက်သွားရန်၊ လတ်ဆတ်သစ်သီးဝလံ ထုတ်လုပ်မှုလုပ်ငန်းတွင် သဘာဝပတ်ဝန်းကျင်၊ အရည် အသွေး ကြီးကြပ်ကွပ်ကဲမှု၊ ပိုးမွှားကင်းစင်မှုစမ်းသပ်စစ်ဆေးရေးတို့တွင် အပြည်ပြည်ဆိုင် ရာ စံချိန်စံညွှန်းများနှင့်အညီ တက်ကြွစွာဆောင်ရွက်သွားရန်အတွက် ပူးပေါင်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း အပြန်အလှန် သဘောတူခဲ့ ကြသည်။
ဤကဲ့သို့မြန်မာနိုင်ငံက တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် (၁၆)ကြိမ်တိုင်တိုင် ပါဝင်ပြသခဲ့ ခြင်းကြောင့်တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်သာမက ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သောနိုင်ငံများနှင့်ပါ ခင်မင်ရင်းနှီးမှုတိုးမြှင့် ကာ ကူးသန်းရောင်းဝယ်မှုများကို တစ်နှစ်ထက် တစ်နှစ် တိုးတက်ဆောင်ရွက်လာနိုင်သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ယခုကျင်းပသည့် ပြပွဲကာလ အတွင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့မှုမှာ မြန်မာနိုင်ငံ၏ သစ်သီးဝလံကဏ္ဍနှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူများ၏ လူနေမှုဘဝမြှင့် တင်ရေးကို များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်သဖြင့် အကျိုး ရလဒ်များစွာရရှိသော ကုန်စည်ပြပွဲကြီးဖြစ် ကြောင်း ရေးသားဖော်ပြအပ်ပါသည်။
ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး (နန်နင်းမြို့)
