Main menu

Background

စင်ကာပူသည် ဆန်တင်သွင်းနိုင်သည့် ဈေးကွက်များကို တိုးချဲ့ရှာဖွေ

Wed, 10/02/2019 - 12:54 -- journal_editor

     ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆိုးရွားသည့် မိုးခေါင်ရေရှားမှုပြဿနာကြောင့် ဆန်ထုတ်လုပ်မှုအပေါ် ထိခိုက်လျက်ရှိကြောင်း လတ်တလော သတင်းများနှင့်ပတ်သက်၍ CNA သတင်းဌာနက စင်ကာပူကုန်သွယ်ရေး နှင့် စက်မှု ဝန်ကြီးဌာနသို့ စုံစမ်းမေးမြန်းရာတွင် စင်ကာပူ၏ ဆန်ဝယ်လိုအား ပမာဏသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ထိုင်းမှ စင်ကာပူသို့ ဆန်တင်ပို့မှုသည် ထိုင်း၏ စုစုပေါင်း ဆန်တင်ပို့မှု၏ ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်မှစင်ကာပူသို့ ဆန်တင်ပို့မှု သည် ဗီယက်နမ်၏ ဆန်တင်ပို့မှု စုစု ပေါင်းပမာဏ၏ ၁ ဒသမ ၂ ရာခိုင်နှုန်း နှင့် အိန္ဒိယမှစင်ကာပူသို့ ဆန်တင်ပို့မှု သည် အိန္ဒိယ၏ ဆန် တင်ပို့မှုစုစုပေါင်း ပမာဏ၏ သုည ဒသမ ၆ ရာခိုင်နှုန်းခန့် သာရှိပါကြောင်း၊ ပြည်တွင်းဖူလုံရေး အတွက် စင်ကာပူသည် ဆန်တင်သွင်း နိုင်သည့် ဈေးကွက်များကို တိုးချဲ့ရှာဖွေ ခဲ့ရာ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံ များအပြင်  မြန်မာ၊  ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံ များမှလည်း တင်သွင်းလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် စင်ကာပူ၏ ထိုင်းဆန်တင်သွင်းမှုအပေါ် ထိခိုက်မှုရှိလာပါက အခြားဈေးကွက် များမှ တင်သွင်း၍ ဖြည့်ဆည်းသွားနိုင် ကြောင်း၊ ထို့ပြင် စင်ကာပူတွင် ကျင့်သုံး နေသည့် ဆန်ကို သိုလှောင်မှုစနစ်ဖြင့်  တင်သွင်းရသည့်အစီအစဉ်  (Rice Stockpile Scheme - RSS) က ဆန်ထုတ်လုပ်မှု ကျဆင်းသည့် ကာလ များတွင် စင်ကာပူ ဈေးကွက်အတွင်း၌ လုံလောက်သည့် ဆန်ကို ထောက်ပံ့ပေး နိုင်ကြောင်း၊ ယင်းစနစ်သည် ဆန်ဖြူ၊ ဘာစမာတီဆန်၊ ပွန်နီဆန်နှင့် ပေါင်း ဆန်များကို စင်ကာပူသို့ တင်သွင်း၍ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း များအတွက် အကျုံးဝင်ကြောင်း ပြောကြားသည်။
    လွန်ခဲ့သည့် ၁၀ နှစ်က စင်ကာပူ ၏ ဈေးဝယ်စင်တာများတွင် ထိုင်း ဆန်၏ ဈေးကွက်ရရှိမှုသည် ၉၀ ရာခိုင် နှုန်းခန့်အထိ ရှိခဲ့သော်လည်း ယခုအခါ ၇၅ ရာခိုင်နှုန်းသို့ ကျဆင်းလာ ကြောင်း၊ စင်ကာပူဈေးကွက်တွင် ဗီယက်နမ် ဆန်ကို ကြိုက်နှစ်သက်မှုများလာသည့် အတွက်  ဗီယက်နမ်ဆန်၏ လက်ရှိဈေး ကွက်ရရှိမှုသည် ၁၅ ရာခိုင်နှုန်းခန့်ထိ တိုးတက်လာသည်။

 

Source :  Channel News Asia

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့။