Main menu

Background

စက်သုံးဆီဖြန့်ဖြူရောင်းချမှု စည်းကမ်းသတ်မှတ်ချက်များ အိန္ဒိယအစိုးရဖြေလျော့

Tue, 11/05/2019 - 12:27 -- journal_editor

        အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးကွက်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှုများကို တွန်းအားပေးသည့် အနေဖြင့် အစိုးရသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး စက်မောင်းဆီ ဖြန့်ဖြူးရောင်းချမှုဆိုင်ရာစည်းကမ်းများအား ပြင်ဆင် သတ်မှတ်လိုက်သည်။ ၂၀ဝ၂ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်ခဲ့သော လက်ရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချ ရေးမူဝါဒအရ ရင်းနှီးမြှုပ်နှံမှုပမာဏ အနိမ့်ဆုံးသတ်မှတ်ချက် ရူပီးငွေ ၂၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၈၁ သန်းခန့်) ဖြင့် ရေနံလုပ်ငန်းနယ်ပယ်ရှိ ကုမ္ပဏီများ ကသာ လုပ်ကိုင်နိုင်ခွင့်ရှိသည်။ ယခုပြင်ဆင်ချက်အရ ရေနံထုတ်လုပ်သန့်စင်မှုနှင့်ပိုက်လိုင်းသွယ်တန်းမှု နယ်ပယ်ပြင်ပရှိ ကုမ္ပဏီများသည်လည်း ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံးသတ်မှတ်ချက် ရူပီးငွေ ၂ ဒသမ ၅ ဘီလီယံဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချ ခြင်းကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

        ဝန်ကြီးချုပ်နာရင်ဒရာမိုဒီက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အိန္ဒိယအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီမှ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းသုံး စက်သုံးဆီဖြန့်ဖြူးရောင်းချမှု စည်းကမ်းချက်များအား ပြင်ဆင်သတ်မှတ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ရာ ဓါတ်ဆီနှင့်ဒီဇယ်ဆီအား လက်လီနှင့်လက်ကား ရောင်းချခွင့်ကို တွဲလျက်ဖြစ်စေ၊ သီးခြား ဖြစ်စေ လျှောက်ထားနိုင်ကြောင်း၊ ဖက်စပ်ကုမ္ပဏီများနှင့် လက်အောက်ခံကုမ္ပဏီခွဲများကိုပါ ယင်းသို့လျှောက်ထားခွင့်ပြု ကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများသည် သမားရိုးကျ စက်သုံးဆီ များအပြင် ခေတ်သစ် အစားထိုးလောင်စာ များဖြစ်သည့် CNG, LNG, Biofuels  နှင့် ဘက်ထရီ လျှပ်စစ်ဓါတ်အားဖြည့်တင်းမှု စသည်တို့အနက်မှ တစ်ရပ်ရပ်ကိုပါ အရောင်းဆိုင် စတင်ဖွင့်လှစ် ဆောင်ရွက်သည့်နေ့မှ သုံးနှစ်အတွင်း ရောင်းချပေးနိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်  Digital Payments နှင့် အခြားသောခေတ်မီနည်းပညာရပ်များ အသုံးပြုလျက်ရောင်းချရမည်ဖြစ်ကြောင်း၊ အရောင်း ဆိုင်များ၌ CCTV ကင်မရာများကိုလည်း တပ်ဆင်အသုံးပြုရန် လိုအပ်ကြောင်း၊ အမျိုးသမီးဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်း များအား ခန့်အပ်တာဝန်ပေးရန် အစိုးရမှ တွန်းအားပေးကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းက OMCs ကဲ့သို့သော အစိုးရပိုင်စက်သုံးဆီ ဖြန့်ဖြူးရေး ကုမ္ပဏီကြီးများထံမှ နယ်မြေဒေသသတ်မှတ်ချက်ဖြင့် ကိုယ်စားလှယ်အဖြစ် တစ်ဆင့်ပြန်လည်ရောင်းချမှုကိုလည်း လုပ်ကိုင်နိုင်ကြောင်း  ဖော်ပြပါရှိသည်။

        အိန္ဒိယအစိုးရသည် စက်သုံးဆီဖြန့်ဖြူးရောင်းချမှုမူဝါဒအား ပြန်လည်သုံးသပ်ရန် ကျွမ်း ကျင်သူများကော်မတီတစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ၌ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ၎င်းကော်မတီက လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၉ ခုနှစ် မေလတွင် အစိုးရအဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ပြည်တွင်းစက်သုံးဆီဖြန့်ဖြူးရောင်းချမှု လုပ်ကိုင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များအား ဖြေလျှော့ခြင်းသည် ဤလုပ်ငန်းနယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့် လာနိုင်မည့်အပြင် ဈေးကွက်၌ ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေပြီး စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ သို့ရာတွင် ကျွမ်းကျင်သူအချို့က ပြည်တွင်း စက်သုံးဆီရောင်းဈေးနှုန်း များမှာ နိုင်ငံတကာဈေးကွက်နှင့်ချိတ်ဆက်လျက်ရှိသဖြင့် သိသာစွာ လျော့ကျဖွယ် မရှိကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရန် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံရမည့် ပမာဏ ရူပီးငွေ ၂ ဒသမ ၅ ဘီလီယံသို့ လျှော့ချ သတ်မှတ် သော်လည်း ထောက်ပံ့ပို့ဆောင်မှုနှင့် အရောင်းဆိုင်များသို့ စက်သုံးဆီလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မှု အခက်အခဲများကြောင့် ကုမ္ပဏီငယ်များမှ ဈေးကွက်သို့ဝင်ရောက်လုပ်ကိုင် ခြင်းထက်  ငွေကြေးအင်အားတောင့်တင်းသည့် ကုမ္ပဏီကြီးများသာ လုပ်ကိုင်နိုင်ခြေ ရှိကြောင်း သုံးသပ်ပြောဆိုကြပါသည်။ လက်ရှိကာလ၌ အိန္ဒိယပြည်တွင်း စက်သုံးဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချမှု ဈေးကွက်ကို IOCL  နှင့် BPCL ကဲ့သို့ အစိုးရပိုင်ကုမ္ပဏီကြီးများ၊ HPCL ကဲ့သို့ အစိုးရ၏ ရှယ်ယာ ပါဝင်သည့် ကုမ္ပဏီများက လွှမ်းမိုးထားပြီး ၁.၄.၂၀၁၉ နေ့ရှိ စာရင်းများအရ နိုင်ငံတစ်ဝန်း၌ စက်သုံးဆီ လက်လီဆိုင်ပေါင်း ၆၄၆၂၄ ဆိုင်ရှိကြောင်း သိရှိရသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့