Main menu

Background

အမေရိကန်ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ရန်အိန္ဒိယ၏တုံ့ပြန်မှု (WTO) ၌ ကြားနာစစ်ဆေးမည်

Fri, 11/08/2019 - 13:37 -- journal_editor

       အမေရိကန်နိုင်ငံက တင်ပို့သည့် ကုန်စည် ၂၈ မျိုးအပေါ် သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံရန် အိန္ဒိယနိုင်ငံ၏ တုံ့ပြန်ဆုံးဖြတ်ခဲ့မှုအပေါ် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ စစ်ဆေးကြားနာပေးရန် အမေရိကန်နိုင်ငံ၏ ဒုတိယအကြိမ် တောင်းဆိုချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က အောက်တိုဘာ ၂၈ ရက်တွင် သဘောတူလက်ခံလိုက်သည်။အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်သည်  Trade Expansion Act of 1962 ပါ Section 232 ဖြင့် အခွင့်အာဏာအပ်နှင်း ထားမှုအရ  ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ အခွန်တိုးမြှင့်ကောက်ခံလျက် နိုင်ငံအတွင်းသို့ Steel  နှင့် Aluminium  ထုတ် ကုန်များတင်သွင်းမှုက ကန့်သတ်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယအစိုးရသည် ၎င်း၏အဓိက ပို့ကုန်များကန့်သတ်ခံရမှု အပေါ် တန်ပြန်ဆောင်ရွက်မှုအနေဖြင့် ပန်းသီး၊ သစ်ကြားသီး၊ ကုလားပဲ၊ ပဲနီလေးနှင့် ဓာတ်ခွဲခန်းသုံး ဓာတုဆေး များအပါ အဝင် အမေရိကန်၏ ပို့ကုန် ၂၈ မျိုးအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့သော်လည်း အရေးယူဆောင်ရွက်မှုအား ယခင်နှစ်ကတည်းက ဆိုင်းငံ့ထားခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ဇွန်လ လဆန်းပိုင်း၌ အမေရိကန်နိုင်ငံက အိန္ဒိယကုန်စည်များအပေါ် GSP အခွန်သက်သာခွင့်ပေးအပ်ထားမှုအား ရပ်ဆိုင်းခဲ့ပြီးနောက် အဆိုပါ ဆိုင်းငံ့ထားသည့်ဆုံးဖြတ်ချက်ကို ဇွန် ၁၅ ရက်မှစ၍ ပြန်လည်အသက်ဝင်စေခဲ့သည်။

       အမေရိကန်နိုင်ငံက Trade Expansion Act of 1962 ပါ Section 232 အရ Steel နှင့် Aluminium ကုန်စည်များ အပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြလျက် ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးခြင်းသာဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြောင်းမဲ့ ကန့်သတ်လုပ်ဆောင်ခြင်းအပေါ် ဟန်ချက်ညီမျှမှု ရရှိ စေရန်အတွက် မိမိတို့မှ တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံဘက်က ပြောဆိုလျက်ရှိသည်။ အမေရိကန် တို့ဘက်ကမူ အိန္ဒိယ၏ အခွန်တိုးမြှင့်ကောက်ခံမှုသည် GATT သဘောတူညီချက်ပါ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်း များနှင့် ကိုက်ညီမှုမရှိဘဲ ခွဲခြားဆက်ဆံခြင်း ဖြစ်ကြောင်း၊ ဤသို့ဆောင်ရွက် မှုသည် အမေရိကန်နိုင်ငံ၏ နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိသော ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိကြောင်း ပြောကြားခဲ့ပြီး (WTO) ၏ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ယင်းကိစ္စအား ကိုင်တွယ်ဖြေရှင်းပေးရန် နှစ်ကြိမ်တိုင် တောင်းဆိုထားခဲ့ခြင်း ဖြစ် သည်။

        ယခုကိစ္စနှင့်ပတ်သက်၍   တရုတ်နိုင်ငံနှင့်   ဥရောပ သမဂ္ဂတို့က အိန္ဒိယဘက်က ထောက်ခံလျက်ရှိကြောင်း၊ အမေ ရိကန်နိုင်ငံက Steel  နှင့် Aluminium  တင်သွင်းမှုအပေါ် အခွန် တိုးမြှင့်ခဲ့ချိန်၌ ဥရောပသမဂ္ဂ၊ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တူရကီနိုင်ငံများသည် တုံ့ပြန်ဆောင်ရွက်မှုများပြုခဲ့ကြောင်း အိန္ဒိယသတင်းမီဒီယာများက ရေးသားဖော် ပြလျက်ရှိသည်။ ယခု ကုန်သွယ်ရေး အငြင်းပွားမှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စစ်ဆေးကြားနာမှုသည် နိုင်ငံစုံနှင့် ဆက်နွှယ်လျက်ရှိသည့် အရေး ကြီး သော ဆုံးဖြတ် ချက်ချမှတ်ရေးကိစ္စတစ်ရပ်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံမှုအား အိန္ဒိယကဲ့သို့ အလားတူကြုံတွေ့ရသည့် နိုင်ငံများအတွက် အထူးအလေး ထားရမည့် ကိစ္စရပ်လည်း ဖြစ်လာကြောင်း လေ့လာသိရှိရသည်။

 

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့။