Main menu

Background

အိန္ဒိယနိုင်ငံသို့ ပို့ကုန် တိုးမြှင့်တင်ပို့မည်

Fri, 11/08/2019 - 13:44 -- journal_editor

        ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုအတွက် မျှော်လင့်ချက်နည်းပါးနေသော်လည်း ယခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သင်္ဘောတင်ပို့မှုမှာ ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ကြာသပတေးနေ့မှ စနေနေ့အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်း Mumba နှင့် ချန်နိုင်း  Chennai မြို့များသို့ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr. Jurin  က ထိုင်းနိုင်ငံ၏ ထုတ်ကုန်များဖြစ်သော အစားအစာများ၊ အလှကုန်ပစ္စည်းများ၊ ပရိဘောဂနှင့် အလှဆင်ပစ္စည်းအစိတ်အပိုင်းများမှာ အိန္ဒိယနိုင်ငံဈေးကွက်တွင် အလားအလာကောင်းလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးနှေးကွေးနေသည့် အချိန်အတောအတွင်း ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် စီးပွားရေး ပိုမိုပူး ပေါင်းဆောင်ရွက်ရန်နှင့် မဟာဗျူဟာမိတ်ဖက်အဖြစ် ပိုမိုပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများကို ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း Mr.Jurin က ပြောကြားခဲ့သည်။ ဆက်လက်ပြီး၎င်းက မိမိတို့အနေဖြင့် စားသောက် ကုန်မဟုတ်သော ပို့ကုန် အမည်သစ်များတိုးချဲ့တင်ပို့နိုင်ရေးကို ရည်ရွယ်ထားကြောင်း၊ ရော်ဘာသစ် (Rubber Wood)၊ ပီလောပီနံ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အလှကုန်ပစ္စည်း များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       Mr. Jurin က အိန္ဒိယနိုင်ငံ၏ ထိပ်တန်းလက်လီ ဦးဆောင်သူလည်းဖြစ်ပြီး ဆိုင်ခွဲပေါင်း ၂၀ဝ၀ ကျော်နှင့် ဖောက်သည်သန်း ၆၀ဝ ကျော်ရှိသည့် Future Group နှင့် ပူးပေါင်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်‌ရေးဦးစီးဌာန DITP အား တာဝန်ပေးအပ်ခဲ့ကြောင်း၊DITP ၏ ညွှန်ကြားရေးမှူးချုပ် f Banjongjitt Angsusingh က အိန္ဒိယနိုင်ငံအား ထိုင်းနိုင်ငံအတွက် ဈေးကွက်အသစ်တစ်ခုအဖြစ် ရှုမြင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ Maharashtra ရှိ မွန်ဘိုင်းနှင့် Tamil  Nadu ရှိ ချန်နိုင်းတို့အပါအဝင် ပြည်နယ်(၇)ခုသို့ ပို့ကုန် တိုးမြှင့်တင်ပို့ရန် မျှော်မှန်းရည်ရွယ် ထားရှိကြောင်း၊ ၎င်းပြည်နယ်များရှိ စားသုံး သူများအနေဖြင့် ဝယ်ယူနိုင်စွမ်းအား မြင့်မားကြသူများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံသို့ ယမန်နှစ်က ပို့ကုန် တန်ဖိုးဖြစ်သော အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံထက်ရှစ်ရာခိုင်နှုန်း တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် လူဦးရေလွန်စွာကြီးမားသည့်အပြင် ဝင်ငွေလည်းတိုးတက်လျက်ရှိသော အလားအလာ အလွန် ကောင်းသည့် ပို့ကုန်ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် Act East မူဝါဒ အားကျင့်သုံးလျက်ရှိပြီး ၎င်းက ထိုင်းရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

       ယမန်နှစ်က ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှု မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး ၂၀ ဒသမ  ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ထိုင်းပို့ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံ ရှိခဲ့ပြီးယမန်နှစ်ကထက် ၁၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံဖက်မှ သွင်းကုန် ပြန်လည်တင်သွင်းမှုမှာ  ၂၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၈ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရသည်။    

 

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့