Main menu

Background

အိန္ဒိယ၏ လက်ဖက်ခြောက်ထွက်ကုန် ဈေးကွက် ပြောင်းလဲတင်ပို့လျက်ရှိ

Fri, 11/08/2019 - 13:46 -- journal_editor

     အိန္ဒိယ၏လက်ဖက်ခြောက် အဓိကပို့ကုန်ဈေးကွက်ဒေသဖြစ်သည့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ (CIS) သို့ လက်ဖက်ခြောက်တင်ပို့မှုမှာ ယခင်နှစ်ကာလတူ၌ ကီလိုဂရမ် ၄၁ ဒသမ ၃၅ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၉၉ ဒသမ ၄၁ သန်းခန့်ရှိရာမှ ၂၀၁၉ ခုနှစ် ပထမ၈ လတာအတွင်း ကီလိုဂရမ် ၃၆ ဒသမ ၆၃ သန်း၊ တန်ဖိုး ဒေါ်လာ ၈၆ ဒသမ ၃၀ သန်းခန့်သာ တင်ပို့နိုင်ခဲ့ သည်။ အလားတူ ပါကစ္စတန်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ တင်းမာ မှုကြောင့် ပုံမှန်ကုန်သွယ်မှုမှာလည်း လျော့ကျလျက်ရှိရာတွင် အိန္ဒိယမှ ပါကစ္စတန်သို့ လက်ဖက်ခြောက်တင်ပို့မှုမှာ ယခင်နှစ် ကာလတူ၌ ကီလိုဂရမ် ၁၀ ဒသမ ၃၇ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၄ ဒသမ ၉၇ သန်းခန့်ရှိရာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ကီလို ဂရမ် ၆ ဒသမ ဝ၉ သန်း (ဒေါ်လာ ၉  ဒသမ ၃၄သန်းခန့်) သာ တင်ပို့နိုင်ပြီး ၄၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

        သို့ရာတွင် အိန္ဒိယနိုင်ငံရှိ ပြည်ပ တင်ပို့သူ လုပ်ငန်းရှင်များအနေဖြင့် အခြားသောဈေးကွက်ဒေသများသို့ ပြောင်းလဲတင်ပို့နိုင်ခဲ့ရာ ၂၀၁၉ ခုနှစ် ပထမရှစ်လအတွင်းလက်ဖက်ခြောက် တင်ပို့မှု စုစုပေါင်းပမာဏသည် ကီလို ဂရမ် ၁၆၂ ဒသမ ၁၈ သန်း၊ တန်ဖိုးအား ဖြင့် ဒေါ်လာ ၅၂၇ ဒသမ ဝ၄ သန်း ရှိပြီး ယခင်နှစ်ကာလတူထက် ကီလို သုည  ဒသမ ဝ၃ သန်းမျှပိုမိုခဲ့ကြောင်း အိန္ဒိယလက်ဖက်ခြောက်ဘုတ်အဖွဲ့၏ စာရင်းများအရ တွေ့ရှိရသည်။ အထူး သဖြင့် အီရန်နိုင်ငံသို့ အဆိုပါကာလအတွင်း လက်ဖက်ခြောက်ကီလိုဂရမ် ၄၀ ဒသမ ၉၆ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆၂ ဒသမ ၁၂ သန်းတင်ပို့ခဲ့ခြင်းက ယခင်နှစ်ကာလတူတင်ပို့မှု ပမာဏ ကီလိုဂရမ် ၁၇ ဒသမ ၉၈ သန်းနှင့် နှိုင်း ယှဉ်ပါက ၁၂၇ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။ပျမ်းမျှဈေးနှုန်းအရ နှိုင်းယှဉ်ကြည့်ပါက ၂၀၁၉ ခုနှစ် ပထမရှစ်လ အတွင်း လက်ဖက်ခြောက်တစ်ကီလို ဂရမ်လျှင် အိန္ဒိယရူပီးငွေ ၂၂၇ ဒသမ ၆၅ ခန့်ရရှိခဲ့ရာ ယခင်နှစ် ကာလတူ ပျမ်းမျှဈေးနှုန်းထက် ရူပီး ၂၇ ဒသမ ၅၁ ခန့်ပိုမို တိုးတက်ရရှိပြီး ‌ဈေးနှုန်းအရ ၁၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိကြောင်း သိရှိရသည်။

 

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့။