Main menu

Background

ကမ္ဘာ့စီးပွားရေးမသေချာမှုများအပေါ် ကြိုတင်ပြင်ဆင်ထားရန် ထိုင်းဒုတိယဝန်ကြီးချုပ် ပြောကြား

Fri, 11/29/2019 - 15:50 -- journal_editor

     ဒုတိယဝန်ကြီးချုပ် ဆုန်ကစ်က လာမည့်နှစ် ကမ္ဘာ့ စီးပွားရေး မသေမချာမရေမရာမှုများအပေါ် ဖြေရှင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် ဘဏ္ဍာ ရေးဝန်ကြီးဌာနအား တာဝန်ပေးအပ်ခဲ့ပါသည်။ လာမည့်နှစ်တွင် ကမ္ဘာ့ စီးပွားရေးမှာ အလှည့်အပြောင်း မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နှေးကွေးဆဲဖြစ် သော ကမ္ဘာ့စီးပွားရေးအပေါ်ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ နှင့်ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလတွင် ပြည်တွင်းစားသုံးမှုကြောင့် ပြည်တွင်းစီးပွားရေးအရှိန်အဟုန် တိုးတက်မှုလက္ခဏာကို မြင်တွေ့ခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။

      အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး တင်းမာမှုများမြင့် တက်ခြင်းနှင့် ဘတ်ငွေတန်ဖိုးမြင့်တက်မှုကြောင့် ပို့ကုန်တင်ပို့မှု ကျဆင်းခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏စီးပွာရေးမှာ လေးနှစ် အတွင်းနှစ်စဉ် တိုးတက်မှု အနိမ့်ဆုံးဖြစ်ခဲ့ပြီး ၂ ဒသမ ၃ ရာခိုင် နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ယခုနှစ်ပထမသုံးလပတ် တွင် စီးပွားရေးမှာ ယခင်နှစ်ကထက် ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန ဘဏ္ဍာရေးမူဝါဒရုံးသည် မကြာ သေးမီကပင် ထိုင်းစီးပွားရေးတိုးတက်မှု အလားအလာကို  ၃ ရာခိုင်နှုန်း မှ ၂ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ထိုင်းနိုင်ငံ ပိုင်ဘဏ်ကမူ စီးပွားရေးတိုးတက်မှုအပေါ်  ၃ ဒသမ ၃ ရာခိုင် နှုန်းမှ ၂ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြသည်။ စီးပွားရေးမှာ ၎င်း၏ တိုးတက်မှုအလားအလာ (၃) မှ (၄) အောက်တွင်သာ ရှိနိုင်သည်ဟု သုံးသပ်ခဲ့ပြီး အစိုးရအနေ ဖြင့် ပို့ကုန်ကျဆင်းခြင်းနှင့် စီးပွားရေးအရှိန်အဟုန် ကျဆင်း ခဲ့ရပြီးသည့်နောက် ယခုနှစ်အတွက် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုအား ၃ ရာခိုင်နှုန်းရရှိစေရန် ဘတ်ငွေ  ၃၁၆ ဘီလီယံ တန်ဖိုးရှိ စီးပွားရေးအပေါ် အားပေးလှုံဆော်မည့် အစီအမံ များကို ချမှတ်ခဲ့သည်။

        ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အနေဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်း ၁၀၂ ခုတို့အား နောက်လာမည့် ၁၀ နှစ် တာကာလအတွက် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မှုဆိုင်ရာ စွန့်စားရမှုများနှင့် စပ်လျဉ်း၍ မေးခွန်း ၃၀ အနက်မှ ပိုင်ဆိုင်မှု (asset Bubble)၊ Cyber security၊  Governance တို့အပါအဝင် အချက်ငါးချက်အပေါ် မေးမြန်းဖော်ထုတ်ခဲ့ကြသည်။ ထို့ပြင်ဗဟိုဘဏ်အနေဖြင့် ပိုမိုတင်းကျပ်သော ချေးငွေ နှင့် တန်ဖိုးလိုအပ်ချက်များကို အကောင်အထည်မဖော်မီ စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ခြေမြေကဏ္ဍ၌ ပူဖောင်း Bubble မဖြစ်ပေါ်သေးကြောင်း ၎င်းကပြောကြားခဲ့သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၄၅ ခု၏ ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ခွဲဝေမှုမှာ ၂၀၂၀ ဘဏ္ဍာရေးရည်မှန်းချက်၏ ၈၀ ရာခိုင်နှုန်းရှိပြီး ဘတ်ငွေ  ၃၆၀ ဘီလီယံရှိကြောင်း ခန့်မှန်းထား ပါသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနေဖြင့်အောက်တိုဘာလကုန်အထိစုစုပေါင်းဘတ်ဂျက် ၏ ၇၅ ရာခိုင်နှုန်းကို ထုတ်ယူခဲ့ပြီး ဖြစ်ပါသည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့