Main menu

Background

တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီနှစ်ခုက စင်ကာပူတွင် လုပ်ငန်းများ ပေါင်းစည်း ဆောင်ရွက်ရန် အဆိုပြုလာ

Fri, 12/13/2019 - 16:12 -- journal_editor

      စင်ကာပူတွင် နိုင်ငံခြားကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော တောင်ကိုရီးယား သင်္ဘောတည် ဆောက်ရေးကုမ္ပဏီနှစ်ခုက လုပ်ငန်းများပေါင်းစည်း ဆောင်ရွက်နိုင်ရန် စင်ကာပူ စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်သို့ အဆိုပြု တင်ပြလာခြင်းအပေါ် ဈေးကွက်အတွင်း စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်ကြောင်း စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ ယင်းစိုးရိမ်ပူပန်မှုသည် Korea Shipbuilding & Offshore Engineering Co Ltd (KSOE) က Daewoo Shipbuilding & Marine Engineering Co Ltd (DSME) ၏ ပိုင်ဆိုင်မှုအကျိုးအမြတ် အများစုကို ဝယ်ယူပြီး လုပ်ငန်းနှစ်ခုအား ပေါင်းစည်း ဆောင်ရွက် သွားရန် ကော်မရှင်သို့ အဆိုပြုလျှောက်ထားလာမှု အပေါ် ကော်မရှင်က ပထမအဆင့် စိစစ်သုံးသပ်မှု ပြုလုပ်ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။

     ၂၉ - ၁၁ - ၂၀၁၉ ရက်တွင် ကော်မရှင်က ထုတ်ပြန်သည့်သတင်းအရ KSOE ကုမ္ပဏီမှ တင်ပြ လာသော သတင်းအချက်အလက်များနှင့် သင်္ဘော ဝယ်ယူသူများ၊ သင်္ဘောထုတ်လုပ်သည့် အခြားကုမ္ပဏီ များပါဝင်သော တတိယအဖွဲ့အစည်းများ၏ တုံ့ပြန် ပြောဆိုချက်များအပေါ် စိစစ်သုံးသပ်မှုပြုလုပ်ခဲ့ရာ အဆိုပါလုပ်ငန်းနှစ်ခု ပေါင်းစည်း ခြင်းသည် ယင်းဈေး ကွက်အတွင်း ယှဉ်ပြိုင်မှုကို ထိခိုက်မှုရှိနိုင်ကြောင်း ကော်မရှင်က စိုးရိမ်လျက်ရှိသည်။ တတိယအဖွဲ့အစည်း များ၏ ပြောဆိုချက်များတွင် ယင်းကုမ္ပဏီနှစ်ခုသည် သဘာဝဓာတ်ငွေ့အရည်သယ်ဆောင်သည့်သင်္ဘောများ၊ ရေနံတင် သင်္ဘာကြီးများနှင့် ကုန်သေတ္တာတင် ဆောင်သည့်သင်္ဘောကြီးများ ထုတ်လုပ်ရာ၌ ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီများတွင် ပါဝင်ကြောင်း၊ လုပ်ငန်း နှစ်ခု ပေါင်းစည်းလိုက်ပါက ယင်းဈေးကွက်တွင် ၎င်း တို့အကြား ယှဉ်ပြိုင်မှုကို ရှောင်ရှားနိုင်ပြီး၊ ဝယ်ယူသူ များအတွက် အကျိုးဆက် ဆိုးဝါးလာနိုင်ကြောင်း၊ ထို့ပြင် အခြားကုမ္ပဏီများက ၎င်းတို့နှင့် ယှဉ်ပြိုင် ဆောင်ရွက်ရန်၊ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် အတားအဆီးများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ဖော်ခဲ့ ကြသည်။

      ကော်မရှင်သည် KSOE ကုမ္ပဏီမှ အဆိုပြု တင်ပြလျှောက်ထားမှုကို ၁၂ - ၉ -၂၀၁၉ ရက်တွင် လက်ခံရရှိခဲ့သည်။ လျှောက်ထားမှုသည် စင်ကာပူ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို သိသာထင်ရှားစွာ လျော့ပါးသွားစေသော သို့မဟုတ် လျော့ပါး သွားစေ သည်ဟု ယူဆရသော စီးပွားရေးလုပ်ငန်းများအကြား ပေါင်းစည်းဆောင်ရွက်မှုများ (Mergers) ကို တားမြစ် ထားသည့် စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၄ အရ ဥပဒေကို ချိုးဖောက်မှုရှိမရှိ ဆုံးဖြတ်ပေး နိုင်ရန် ကော်မရှင်သို့ တင်ပြလျှောက် ထားခြင်း ဖြစ် သည်။ ကော်မရှင်သည် KSOE ကုမ္ပဏီမှ သက်ဆိုင် သော အချက်အလက်များ ရရှိမှုအပေါ်မူတည်၍ ဒုတိယ အဆင့် စိစစ်သုံးသပ်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။            

 

မြတ်နိုး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ စင်ကာပူမြို့