Main menu

Background

တစ်ဝက်တစ်ပျက် ပြုပြင်ထားသော မြန်မာ့သရက်သီးများ တရုတ်သို့ တင်ပို့နိုင်ရေး လက်မှတ်ရေးထိုး

Sat, 01/04/2020 - 10:31 -- journal_editor

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ မြန်မာစီးပွားရေး သံမှူးရုံးတွင် ဒီဇင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံမှ Myanmar Golden Produce Co.,Ltd နှင့် တရုတ်နိုင်ငံမှ  Gangxi Bao Sauce Garden Food Co.,Ltd  တို့အကြား မြန်မာ နိုင်ငံမှထွက်ရှိသော တစ်ဝက်တစ်ပျက် ပြုပြင်ထုတ်လုပ်ထားပြီးဖြစ်သော သရက်သီး များကို တင်ပို့ ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ၎င်းနားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၀ ပြည့်နှစ်၊ မေလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအကြား မြန်မာနိုင်ငံမှ တစ်ဝက် တစ်ပျက် ပြုပြင်ထုတ်လုပ်ထားသော သရက်သီးကုန်ကြမ်း  မက်ထရစ် တန်ချိန် ၈၀ဝ၀ မှ ၁၀ဝ၀ဝ ကြားကို မြန်မာနိုင်ငံ၊ ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ချင်းကျိုးဆိပ်ကမ်းသို့ အအေးခန်းကုန်သေတ္တာ များဖြင့် တင်ပို့ရောင်းချသွားရန် ရည်ရွယ်ထားသည်။ ထိုကဲ့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စာချုပ်တွင် လက်မှတ်ရေးထိုးကြ သော ကုမ္ပဏီနှစ်ရပ်တို့အကြား ထုတ်လုပ်မှုနည်းပညာ၊ ဈေးနှုန်းနှင့် အရည်အသွေး စံချိန်စံနှုန်းများကို ဆက်လက်ဆွေးနွေးသွားကြမည် ဖြစ်သည်။

        လက်ရှိအချိန်၌ မြန်မာနိုင်ငံမှ တင်ပို့သော သရက်သီးမှာတရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းတွင် ပါဝင်ပြီးဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့မှုကို ခွင့်ပြုထားသည်။ တရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းတွင် ပါဝင်ပြီး ဖြစ်သည့်အတွက် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့် ရ၊ မရနှင့် ဆိပ်ကမ်းမှ တင်ပို့ပါ က (အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီများမှ) မည်သည့်လိုအပ်ချက်များ ဆောင်ရွက်ပေး ရမည်ကို နန်နင်းမြို့ရှိ စီးပွားရေးသံမှူးရုံးမှ အစိုးရဌာနအချင်းချင်း ချိတ်ဆက်လျက် ဆက်လက်မေးမြန်းပေးကာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အကောက်ခွန်စာရင်းတွင် ပါဝင်ပြီးဖြစ်သည့် သစ်သီးဝလံများကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံအစိုးရဌာနဘက်မှ ဆောင်ရွက်ပေးရမည့် အချက်များရှိပါကလည်း အချိန်နှင့်တစ်ပြေးညီတင်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နန်နင်းမြို့