Main menu

Background

အိန္ဒိယ၌ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းကောင်းမည်ဟု ခန့်မှန်း

Thu, 02/06/2020 - 13:08 -- journal_editor

     အိန္ဒိယနိုင်ငံ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ် လုပ်မှုသည် အထွက်နှုန်းများ တိုးတက်ကောင်းမွန်ဖွယ်ရှိကြောင်း လယ်ယာ ထွက်ကုန်များ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုဆိုင်ရာ ဦးဆောင်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် National Collateral Management ServicesLtd (NCML) က ကနဦးခန့်မှန်းချက် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ၏ ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဂျုံသည်အဓိကသီးနှံဖြစ်ပြီး ယခုနှစ် ဆောင်းရာသီ၌ တန်ချိန် ၁၀၉၀ သိန်းခန့် ရိတ်သိမ်းရရှိနိုင်ကြောင်း NCML က ခန့်မှန်းထားသည်။ ယခင်နှစ် ဆောင်းရာသီ ဂျုံစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၀၂၁ သိန်းဖြစ်ရာ ယခုခန့်မှန်းချက်အရ ၆ ဒသမ ၂၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ထွက်ရှိမည် ဖြစ်သည်။ အလားတူ ဆောင်းရာသီ၌စိုက်ပျိုးသည့် စပါးသည်လည်း ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း ပိုမို၍ ထွက်ရှိမည်ဟု ခန့်မှန်း ရသည်။

     NCML ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Siraj Chaudhry က ၂၀၁၉ ခုနှစ် မုတ်သုံရာသီကာလ၌ မိုးရွာသွန်းမှုကောင်းမွန်ခဲ့ခြင်းကြောင့် ယခုနှစ်‌အဓိကဆောင်းသီးနှံများဖြစ်သည့် ဂျုံ၊ ပြောင်းနှင့် နှံစားပြောင်းတို့သည် စံချိန်တင် အထွက်တိုးဖွယ်ရာရှိကြောင်း၊ သို့ရာတွင် ဆီထွက်သီးနှံနှင့် ပဲအချို့ မှာ ယခင်နှစ်စိုက်ပျိုးထွက် ရှိမှုအောက်သို့ လျော့ကျနိုင်ကြောင်း ပြောကြား သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းရာသီကာလ အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထက် ၈ ဒသမ ၂၅ ရာခိုင်နှုန်း  ပိုမိုတိုးတက်ပြီး တန်ချိန် ၈၉ ဒသမ ၂ သိန်းထွက်ရှိရန်နှင့် နှံစားပြောင်းထွက်ရှိနိုင်မှုကို ယခင် နှစ်စိုက်ပျိုးထုတ်လုပ်မှုတန်ချိန် ၂၀ ဒသမ၂ သိန်း ထက် ၃၅ ဒသမ ၂ ရာခိုင် နှုန်း ပိုမိုတိုးတက်၍ တန်ချိန် ၃၁ ဒသမ ၂ သိန်းအထိ ထွက်ရှိရန် NCML က ခန့်မှန်းလျက်ရှိသည်။ သို့ရာတွင် ဆောင်းရာသီကာလ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု၌ စိုက်ဧက အများဆုံးဖြစ်သော ကုလားပဲအား ယခင်နှစ်ထွက်ရှိမှုအောက် ၅ ရာခိုင်နှုန်း လျော့ ချလျက် တန်ချိန် ၉၅ ဒသမ ၈၂ သိန်းနှင့် ယခင်နှစ်စိုက်ဧကအောက် လျော့နည်း စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းအား  ၁၀ ရာခိုင်နှုန်း လျော့ချ၍ တန်ချိန် ၄ ဒသမ ၆၂ သိန်း ခန့်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ဆီကြိတ် မုံညင်းစေ့ စိုက်ပျိုးထုတ် လုပ်မှုမှာ ယခင်နှစ်က အထွက်တန်ချိန်ပေါင်း ၉၃ ဒသမ ၄ သိန်းရှိရာမှ ယခုနှစ် တွင် ၈ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၈၅ ဒသမ ၇၉ သိန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရသည်။

     NCML ကုမ္ပဏီ၏ လေ့လာခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ၌ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မှုမှာ စုစုပေါင်းတန်ချိန် ၁၅၂၇ သိန်းဖြစ်ပြီး ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ထုတ်လုပ်မှုပမာဏ တန်ချိန် ၁၄၃၂ သိန်းအား ကျော်လွန်၍ ခြောက် ရာခိုင်နှုန်း ခန့် တိုးတက် ထွက်ရှိဖွယ်ရာ ရှိသည်။ ဤသို့တွက်ဆချက်အရ ဆောင်းသီးနှံအထွက်ကောင်း မွန်ခြင်းကလက်ရှိဈေးကွက်၌ ပိုလျှံမှုဖြစ်ပေါ်နေသည့် ဂျုံနှင့် ဆန်စပါးတို့ အပေါ် ထပ်ဆောင်းပိုလျှံမှု ဖြစ်ပေါ်စေပြီး ဈေးကွက်ပုံစံပျက်ယွင်းမှုကို လှုံ့ဆော်တွန်းအားပေးမည့် အနေအထားရှိကြောင်း၊ သို့ရာတွင် ဆောင်းရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးမှုမှာ အထွက်ပမာဏ ၂ ဒသမ ၆ ရာခိုင်နှုန်း နှင့် ၂ ရာခိုင်နှုန်း အသီးသီး လျော့နည်းနိုင်ခြေရှိခြင်းက လက်ရှိဈေးကွက်၌ လိုအပ်ချက်ကို ပိုမိုမြင့်တက်စေဖွယ်ရာရှိကြောင်း သုံးသပ်တွေ့ရှိရသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့