Main menu

Background

အစိုးရအထောက်အပံ့ရယူတင်ပို့သည့် အိန္ဒိယကုန်စည်များအပေါ် အမေရိကန်စိစစ်စုံစမ်း

Fri, 02/21/2020 - 13:58 -- journal_editor

        အမေရိကန်နိုင်ငံသည် ပြည်တွင်း ရှိလုပ်ငန်းရှင်များအား အကာအကွယ် ပေးရန်အတွက် နိုင်ငံအတွင်းသို့ တင် သွင်းသော ကုန်စည်များအား သက်ဆိုင် ရာထုတ်လုပ်တင်ပို့သည့်နိုင်ငံ၌ အစိုးရ ထံမှ ပို့ကုန်အထောက်အပံ့များ ရယူခြင်း ရှိ၊ မရှိကို စုံစမ်း စိစစ်၍ တန်ပြန် အကောက်ခွန်များ ချမှတ်ဆောင်ရွက် လျက်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို့ကုန် များအပေါ် ထိုသို့စိစစ်မှုမှ ကင်းလွတ် ခွင့်ပြုထားပါ သည်။ သို့ရာတွင် ဖေဖော် ဝါရီ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ အစိုးရသည် အိန္ဒိယ နိုင်ငံအပါအဝင် အချို့သော နိုင်ငံများ ကို အဆိုပါကင်းလွတ်ခွင့်ပြုထားသည့်စာရင်းမှ ဖယ်ရှားခဲ့သည်။ အိန္ဒိယနိုင်ငံသည် G-၂၀ အဖွဲ့ဝင် နိုင်ငံအဖြစ်ပါဝင်လျက်ရှိပြီး ကမ္ဘာ့ကုန် သွယ်မှုတွင် ပါဝင်သည့် အချိုးအစား မှာလည်း သုည ဒသမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်လျက်ရှိသဖြင့် အမေရိကန် နိုင်ငံ၏ တန်ပြန် အကောက်ခွန်ဥပဒေ (countervailing duty law) အရ သက်ဆိုင်ရာအစိုးရထံမှ ပို့ကုန်ဆိုင်ရာ အထောက်အပံ့များရယူခြင်းရှိ/မရှိ စုံစမ်းစိစစ်ခြင်းမှ ကင်းလွတ်ခွင့် ရရှိ မည့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်းကို အမေရိကန်ပြည် ထောင်စုကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) က အသစ်ပြန်လည်ထုတ် ပြန်ရာတွင် ပါဝင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

     ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ် အိန္ဒိယ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ များအနက်     အမေရိကန်နိုင်ငံသည် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၈၇ ဒသမ ၉၅၅ ဘီလီယံ ၁၀ ဒသမ ၄၂ ရာခိုင်နှုန်းဖြင့် ပထမနေရာ၌ ရပ်တည် နေခဲ့ပြီး အိန္ဒိယအနေဖြင့် ၎င်းနှစ်ကာလ တွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှု ပိုငွေဒေါ်လာ ၁၆ ဒသမ ၈၅၆ ဘီလီယံ ရရှိခဲ့သည်။ USTR  ၏ စာရင်းများအရ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှ တင်သွင်းခဲ့သော  အိန္ဒိယ၏ပို့ကုန်များ အနက် GSP အခွင့်အရေး ရရှိခဲ့သော ပမာဏမှာ ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ခန့်ရှိခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် အိန္ဒိယနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပြီး ၎င်းခရီးစဉ် မတိုင်မီနှစ်နိုင်ငံအကြား ဆွေးနွေးလျက် ရှိသည့် ကုန်သွယ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အပြီးသတ်ညှိနှိုင်းရန် အတွက် အမေရိကန်ကုန်သွယ်ရေး ဝန်ကြီး Mr.Robert Lighthizer သည် အိန္ဒိယနိုင်ငံသို့ ဦးစွာလာရောက်ဖွယ်ရှိ သည်။ သို့ရာတွင် ယခုကဲ့သို့ ဖွံ့ဖြိုးမှု အဆင့် တိုးမြှင့်သတ်မှတ်ခံရခြင်းက အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိသော ကုန်စည်များအတွက် အိန္ဒိယအစိုးရမှ အထောက်အပံ့များ ပေးအပ်ခြင်းကို အတားအဆီးဖြစ်စေသကဲ့သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန်အစိုးရ က GSP အထူးအခွင့်အရေး ပေးအပ်ထားမှုမှ ရုတ်သိမ်းခဲ့သော အိန္ဒိယပို့ကုန် များအတွက် GSP အခွင့်အရေး ပြန်လည် တောင်းဆိုရန် မျှော်လင့်ချက်ကိုလည်း မှေးမှိန်စေခဲ့ပြီဖြစ်သည်။

     အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီး Mr.Piyush Goyal  က ၎င်းတို့အနေဖြင့် GSP ကဲ့သို့ အခြား နိုင်ငံမှ ပေးအပ်သော အထောက်အပံ့ များ မလိုအပ်ကြောင်း ပြောကြားသော် လည်း ပြည်တွင်းရှိ ကုန်သည်လုပ်ငန်းရှင် များကမူ ထုတ် လုပ်မှု စရိတ်သက်သာစွာ ဖြင့် ယှဉ်ပြိုင် လုပ်ကိုင်နိုင်သည့် ပြိုင်ဘက် များ ဈေးကွက်သို့ဝင်ရောက်မှု ပိုမိုမြင့်မား လာခြင်းကြောင့် အိန္ဒိယ၏ပို့ကုန်လုပ် ငန်းကဏ္ဍမှာ ဖိအားများအောက်၌ ရုန်း ကန်နေရဦးမည်ဖြစ်ကြောင်း ပြောဆို လျက်ရှိကြသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့