Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် အထောက်အကူပြု မူဝါဒများဖြင့် တရုတ်အစိုးရ ဆောင်ရွက်သွားမည်

Fri, 02/21/2020 - 14:05 -- journal_editor

     ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းအထိ တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၁၅၂၆ ဦးနှင့် ကူးစက် ခံထားရသူပေါင်း ၆၇၁၀ဝ ဦးရှိနေပြီဖြစ်သည်။ စားနပ်ရိက္ခာနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများကို ပြန်လည် စတင်နေသော်လည်း ရုံးများ၊ ကုမ္ပဏီများနှင့် ကျောင်းများကို ပိတ်ထားရဆဲဖြစ်သည်။  ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးအား များစွာထိခိုက်နစ်နာစေ သည့်အပြင် တရုတ်နိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် နိုင်ငံများရှိ လုပ်ငန်းများအပေါ်လည်း သက်ရောက်မှုကြီးမားလျက်ရှိသည်။

ကမ္ဘာ့ထုတ်လုပ်မှုနှင့် စွမ်းအင်ဈေးနှုန်းများအပေါ် သက်ရောက်လာ သည်

      ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး မော် တော်ယာဉ်ထုတ်လုပ်သည့် ဟွန်ဒိုင်းသည် တရုတ်နိုင်ငံမှ ယာဉ်အစိတ်အပိုင်းများ ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏ ထုတ်လုပ်မှုကို ဆိုင်းငံ့ထားရပါသည်။ ဟွန်ဒိုင်းကဲ့သို့ပင် Tesla ၊ Ford နှင့် Nissan တို့အတွက် ထုတ်လုပ်ပေးနေသော တရုတ်ပြည်တွင်းရှိ စက်ရုံများမှာလည်း ပိတ် ထားရဆဲဖြစ်သည်။ အလားတူပင် အမေရိကန်မှ ရေနံထုတ်လုပ်သူများမှာလည်း တရုတ်နှင့် အခြားနိုင်ငံများတွင်  ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ ယမန်နှစ်အတွင်း ကုန်စည်ဈေးနှုန်းများ ကျဆင်းခဲ့မှုကြောင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သူများသည် ယခုနှစ်တွင်လည်း ကမ္ဘာ့ရေနံဈေးနှုန်း တစ်ဟုန်ထိုးကျဆင်းမှုနှင့် ထပ်မံရင်ဆိုင်နေရပြန် သည်။  ကူးစက်ရောဂါပျံ့နှံ့လာပြီးနောက် ခရီးသွားလာမှုများနှင့် ထုတ်လုပ်မှုများအပေါ် ထိခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံမှ လောင်စာဆီ ဝယ်လိုအားမှာ ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 ရောဂါတိုက်ဖျက်ရေးနှင့် ကုသရေးတို့အား ပံ့ပိုးကူညီသွားမည်

       ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကူးစက်ရောဂါဖြစ်ပွားနေ မှုများကို တိုက်ဖျက်ရန် ပြည်နယ်အစိုးရများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း စီတို့အတွက် ရန်ပုံငွေများပံ့ပိုးပေးရန် သို့မဟုတ် မူဝါဒများဖြင့် အထောက် အပံ့ပြုရန် တရုတ်ဗဟိုအစိုးရ၏ ဌာနအချို့က စတင် ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC)၏ ပြောရေးဆို ခွင့်ရှိသူက ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ရောဂါကူးစက်ခြင်းခံရသော လူနာများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးအာမခံ သို့မဟုတ် ဆေးဝါးအထောက်အပံ့ဖြင့် ကျခံခြင်း မရှိသည့် ဆေးဝါးကုသသည့် စရိတ်များ အတွက် ဗဟိုနှင့် ပြည်နယ် အစိုးရများထံမှ ကူညီထောက်ပံ့မှုများကိုရရှိမည်ဖြစ်ကြောင်း၊   ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတွင် ပါဝင်ကြသော ဆေးဝါးဆိုင်ရာ လုပ်သားများနှင့် အခြားလူပုဂ္ဂိုလ်များကိုလည်း ထောက်ပံ့ကူညီပေး မည်ဖြစ်ကာ၊ တာဝန်ထမ်းဆောင်နေစဉ် ရောဂါပိုးကူးစက်ခြင်းခံရပါက လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ၌ NHC ၏ ဒုတိယညွှန်ကြားရေးမှူး Li Bin က ပြောကြားခဲ့သည်။ ကပ်ရောဂါကိုတိုက်ဖျက်ရာတွင် ဆေးဝါးအသုံးအဆောင်များ နှင့် စမ်းသပ်သည့် ပစ္စည်းများ ဝယ်ယူရန် ပြည်နယ်အစိုးရများအတွက် လိုအပ်သော ကူညီမှုများကိုလည်း ဗဟိုအစိုးရက ပေးသွားမည်ဖြစ်သည်။  ဘဏ္ဍာ ရေးဝန်ကြီးဌာနက Hubeij ပြည်နယ်သို့ ပေးသည့် ယွမ်ငွေ ၁ ဒသမ ၅ ဘီလီယံအပါအဝင် ရောဂါကာကွယ်ရန်နှင့် ထိန်း ချုပ်ရန် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အစိုးရများအားပံ့ပိုးရန် ယွမ်ငွေ ၅ ဒသမ ၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၆၉ ဒသမ ၈ သန်း) လျာထားပြီးဖြစ်ကြောင်း Li က ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က လည်း ဝူဟန်တွင် ရောဂါကူးစက်သူများအား ကုသရန် ဆေးရုံသစ် တည်ဆောက်မှုအား ပံ့ပိုးကူညီရန် ဗဟိုအစိုးရထံမှ ယွမ်ငွေသန်း ၃၀ဝ ကို ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ပံ့ပိုးကူညီသွားမည်

     ဖေဖော်ဝါရီ ၂ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်းပြည်နယ်တစ်ခု ဖြစ်သည့် ကျန်းစုပြည်နယ်ရှိ   စူးကျိုးက ရောဂါကပ်ဘေးကျရောက်ချိန် တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု တည်ငြိမ်စေရေးသေချာစေရန် အလို့ငှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ပံ့ပိုးကူညီမှု ခိုင်မာစေရန် ဘဏ်များနှင့်စီမံခန့်ခွဲရေးဌာနများက လိုအပ်သည့် မူဝါဒ ၁၀ ရပ်ကို ကြေညာခဲ့သည်။  ၎င်းမူဝါဒများတွင်  အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထူးပြုလျက် ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့သည့် လုပ်ငန်းများအ တွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမည့် လူမှုရေးအာမခံပေးသွင်းမှုကို နောက်ကျမှ ပေးသွင်းခွင့်ပြုခြင်း၊ ငှားရမ်းခနှင့် အခွန်အခများလျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းတို့ကဲ့သို့သော ခိုင်မာသည့် စီမံဆောင်ရွက်မှုများ ပါဝင်ပါသည်။ တရုတ်အစိုးရသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး တက်မှုအပေါ် နက်ရှိုင်းစွာသက်ရောက် နိုင်ဖွယ်ရှိသည့် ကိုရိုနာကူး စက်ရောဂါကို ရင်ဆိုင်နေရသော တရုတ်၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ခိုင်မာသောပံ့ပိုးကူညီသူအဖြစ် ရပ်တည်ပေးသွား မည်ဖြစ်ကြောင်း စူးကျိုး၏ ပါတီအတွင်းရေးမှူး  LanShaomin က ထုတ်ဖော်ပြောကြားခဲ့သည်။ စီးပွားရေးတည်ငြိမ်စေရန်နှင့် အလုပ်အကိုင်များကို အာခံပေး ရန် ဘေကျင်းအစိုးရက ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် အစားအသောက်ပြင်ဆင်ပေးသော လုပ်ငန်းကဏ္ဍများအပါအဝင် ကိုရိုနာကူးစက်ရောဂါကြောင့် အလွန်ထိခိုက်နစ်နာခဲ့ရသည့် လုပ်ငန်းများရှိ ကုမ္ပဏီများအတွက် လူမှုရေးအာမခံငွေကောက်ယူမှုများအား ဇူလိုင်လကုန်အထိ ရွှေ့ဆိုင်းပေးထားသည်။ အလုပ်သမားများကို အလုပ်ထုတ်ပစ်ခြင်းအား လျှော့ချရန် အစိုးရက ကုမ္ပဏီများအား လစာကို ပြန်ချိန်ညှိရန်၊ အလုပ်လုပ်ချိန်ကို လျှော့ချရန်နှင့် အလုပ်သမားနှင့် ညှိနှိုင်း ပြီးနောက် အချိန်ဇယား ပြန်လည်ရေးဆွဲရန် အားပေးထားသည်။ အလုပ်သမားလျှော့ပစ်ခြင်း မပြုသည့် ကုမ္ပဏီများအား ယခင်နှစ်က ၎င်းတို့ ပေးသွင်းထားသည့် အမှန်တကယ်အလုပ်လက်မဲ့အာမခံ၏ ၅၀ ရာခိုင်နှုန်းကို ပြန်အမ်း ပေးမည်ဖြစ်ပြီး ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ယာယီ အခက် အခဲဖြစ်နေသည့် ကုမ္ပဏီများအား  အာမခံပေးသွင်းမှုကို ခြောက်လ ဆိုင်းထားပေးမည်ဖြစ်သည်။  ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်း မလည်ပတ်နိုင်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ၎င်းတို့၏ အိမ်ငှားခကို လျှော့ချပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့် ပေးခြင်းတို့ ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Bank of China ကလည်း ၎င်းကုမ္ပဏီများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ် ချေးခြင်းအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ နှစ်စဉ်လုပ်သားများ၏ ပျမ်းမျှလစာငွေနှင့် တိုးတက် ရရှိသော ဝင်ငွေတို့ဖြင့် ချိတ်ဆက်ထားသည့် လူမှုရေးအာမခံငွေပေးသွင်းမှုကို ရက်ရွှေ့ဆိုင်းပေးခဲ့သဖြင့် လုပ်ငန်းများအတွက် လူမှုရေးအာမခံငွေ ပေးသွင်းမှု ဝန်ထုပ်ဝန်ပိုး ယွမ်ငွေ ၁၀  ဒသမ ၁  ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ) လျော့ကျသွားမည်ဟု ခန့်မှန်းထားသည်။

စောင့်ကြည့်ဆောင်ရွက်နေ

         တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှု အား တိုက်ဖျက်နေချိန်အတွင်း ဈေးကွက်စနစ်တကျလည်ပတ်စေ ရန်နှင့် ဈေးကွက်ချိုးဖောက်ပျက်ယွင်းမှုများ မရှိစေရန်တို့မှာ ဈေးကွက် စည်းမျဉ်းဌာနမှ တာဝန်ရှိသူတို့အတွက် အဓိက တာဝန်ဖြစ်လာပါ သည်။  ယခုအခါ နှာခေါင်းစည်းကဲ့သို့သော ရောဂါကာကွယ်ရေး အသုံး အဆောင်များနှင့် ဆန်၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော နေ့စဉ်လိုအပ်ချက်များဟူသည့် အဓိကကဏ္ဍနှစ်ရပ်အပေါ် အလေး ထားဆောင်ရွက်ပေးလျက်ရှိသည်။  လက်ရှိ အချိန်အထိဈေးနှုန်းများ တည်ငြိမ်နေသေးသည်ကို တွေ့ရသည်။

 

ရင်းမြစ်။ ဆင်ဟွာ၊  New York Times နှင့် China Daily

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နန်နင်းမြို့။