Main menu

Background

စင်ကာပူတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စက်မှုလုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် SUNGEI KADUT စက်မှုဇုန်စီမံကိန်းမိတ်ဆက်

Fri, 02/21/2020 - 14:12 -- journal_editor

        ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းကဏ္ဍသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုနိုင်ရန်အတွက် စင်ကာပူရှိသက်တမ်းကြာမြင့်နေပြီဖြစ်သော စက်မှုဇုန်များအနက်မှ Sungei Kadut စက် မှုဇုန်အား ပြုပြင်မွမ်းမံမည့်စီမံကိန်းကို ဖေဖော်ဝါရီ ၆ ရက်တွင် အများပြည်သူသို့ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါစီမံကိန်းသည် စင်ကာပူရှိ စက်မှုလုပ်ငန်းများ အား ပြန်လည်အားသစ်လောင်းနိုင်ရန်၊ စက်မှုလုပ်ငန်းအသစ်များအား ဆွဲဆောင်နိုင်ရန်၊ လူမှုဘဝနှင့် လိုက်လျောညီထွေမှု ရှိသော လုပ်ငန်း ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန်နှင့် စွမ်း ဆောင်ရည်အသစ်များကို အသုံးချဆောင်ရွက်နိုင်ရန် ပြုပြင် မွမ်းမံမည့် ရှေ့ဆောင်စီမံကိန်းကြီး ဖြစ်ပါကြောင်း စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing က မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။

     မြေနေရာအကျယ်အဝန်း ဟက်တာ ၅၀ဝ ရှိပြီး၊ နှစ် ၃၀ အတွင်း အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် Sungei Kadut စက်မှုဇုန်စီမံကိန်းတွင် မြေနေရာအကျယ် အဝန်း ၁၈ ဟက်တာရှိသော စိုက်ပျိုးရေးထွက် စားသောက် ကုန်များ တီထွင်ဆန်းသစ်ထုတ်လုပ်မှုဇုန်နေရာ ပါဝင်ပြီး၊ စိုက်ပျိုးရေးနည်းပညာ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) လုပ်ငန်း များ၊ မိုးလုံလေလုံစိုက်ခင်းများ၊ ရေနေသတ္တဝါ မျိုးဖောက်ခြင်း နှင့် ပရိုတင်းအစားထိုးထုတ်ကုန်များထုတ်လုပ်ခြင်း စသည့် နည်းပညာမြင့်မားသော လုပ်ငန်းများ တည်ထောင်ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ ထိုလုပ်ငန်းများက စနစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာများ၊ အပင်ဆိုင်ရာသိပ္ပံပညာရှင်များ၊ ရေထွက်ကုန် အဟာရဗေဒပညာရှင် များ စသည့် အသိပညာအခြေခံသော အဆင့်မြင့်အလုပ်အကိုင်များကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ် ပြီး၊ နောက်မျိုးဆက်သစ်များအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ပါဝင်ဆောင်ရွက်ရန် ဆွဲဆောင်နိုင်မည့်အချက်လည်းဖြစ် ကြောင်း ပြောကြားသည်။

        ထို့ပြင် စီမံကိန်းမှ ဟက်တာ ၂၀ဝ အကျယ်အဝန်းရှိသော မြေနေရာကို နောင်တွင် ပေါ်ပေါက်လာမည့် စက်မှုလုပ်ငန်း များအတွက် အရံချန်လှပ်ထားမည်ဖြစ်ပါသည်။ စီမံကိန်းမှာ နှစ် ၃၀  ကြာမြင့်မည်ဖြစ်သည့်အတွက် စီမံကိန်းအကောင် အထည် ဖော်ဆောင်သောကာလအတွင်း လက်ရှိ ဇုန်အတွင်း ၌ တည်ရှိနေသည့် သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုလုပ်ငန်းများ ကို အထူးစီမံတည်ဆောက်ထားသော အဆောက်အအုံ များသို့ ရွှေ့ပြောင်း ဆောင်ရွက်စေမည်ဖြစ်သည်။ ထိုသို့ အဆောက်အအုံအသစ်များသို့ ပြောင်းရွှေ့ ဆောင်ရွက်ရခြင်း ကြောင့် လုပ်ငန်းများအတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု အခွင့်အလမ်းများကို ဖန်တီးပေးကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်း စဉ်တွင် ယခင်အသုံးပြုခဲ့သော စက်ပစ္စည်းအဟောင်းများ နေရာ၌ ဆင်ဆာစနစ်များနှင့် အလိုအလျောက်ထိန်းချုပ်လည် ပတ်ဆောင်ရွက်နိုင်သည့်စနစ်များ ဖြင့် အစားထိုးဆောင်ရွက် လာနိုင်ကြောင်း၊ အဆောက်အအုံအား စုပေါင်းမျှဝေသုံးစွဲခြင်း ဖြင့် ကုန်ကျစရိတ်သက်သာ၍ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိကြောင်း ဖော်ပြထားသည်။

    Sungei Kadut စက်မှုဇုန် စီမံကိန်းပထမအဆင့်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဟက်တာ ၄၀ ကျော်ရှိသည့် မြေ နေရာအတွင်း လုပ်ငန်းများအတွက် ဘက်စုံသုံး အဆောက် အအုံသစ်များကို ၂၀၂၅ ခုနှစ်တွင် ပြီးစီးအောင် တည်ဆောက် သွားမည်ဖြစ်သည်။ စုစုပေါင်းကြမ်းခင်းဧရိယာ စတုရန်းပေ ၃ ဒသမ ၄ သန်း အကျယ်အဝန်းရှိပြီး၊ ကုန်ကျစရိတ် စင်ကာပူ ဒေါ်လာ ၆၅၀ သန်းခန့် ကုန်ကျမည့် ယင်းဘက်စုံသုံးအဆောက် အအုံသစ်များသို့ ရွှေ့ပြောင်းဆောင်ရွက်လုပ်ကိုင်ရန် ကုမ္ပဏီ ပေါင်း ၅၀ ခန့်ကလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရ သည်။ စက်မှုဇုန်နယ်မြေအတွင်း အပင်များနှင့် ၎င်းတို့ကို အဆောက်အအုံအမိုးများတွင် စိုက်ပျိုးခြင်း အပါအဝင် အများ ပြည်သူ အပန်းဖြေသည့်နေရာများ၊ ပန်းခြံများကိုထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သောကြောင့် လက်ရှိစင်ကာပူတွင် စိမ်းလန်းသော ဝန်းကျင်လွှမ်းခြုံမှု ၁၀ ရာခိုင်နှုန်းသာရှိရာမှ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်မှု ဇုန်စီမံကိန်းမိတ်ဆက်ပွဲကို အများပြည်သူများ လေ့လာနိုင်ရန် အတွက် ဖေဖော်ဝါရီ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြတ်နိုး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ စင်ကာပူနိုင်ငံ