Main menu

Background

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါဒ၊ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုနှင့် မြန်မာ့ပဲမျိုးစုံအား တိုးမြှင့်တင်ပို့နိုင်မည့် အခြေအနေ

Wed, 03/04/2020 - 16:03 -- journal_editor

        အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံအား စိုက်ပျိုးထုတ် လုပ်နိုင်မှုပမာဏထက် စားသုံးမှုပမာဏကပိုမို လျက်ရှိရာ ပြည်တွင်းဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် အိန္ဒိယလူမျိုးများ အဓိက စားသုံးသည့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလုံးနှင့် ပဲနီလေးစသည့် ပဲအမျိုးအစားများကို သြစတြေးလျ၊ ကနေဒါ၊ တူရကီ၊ မြန်မာနှင့်အာဖရိကနိုင်ငံများမှ နှစ်စဉ်တင်သွင်းလျက်ရှိသည်။

ပဲတင်သွင်းခွင့်မူဝါဒ

         ပြည်တွင်း၌ နှစ်အလိုက်ရာသီဥတုကောင်း မွန်မှုနှင့်    စိုက်ပျိုးထုတ်လုပ်မှုပမာဏအတက် အကျအခြေအနေတို့အပေါ် မူတည်၍ ပြည်တွင်းရှိ ထုတ်လုပ်သူများအား အကာအကွယ်ပေးရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို  ထိန်းသိမ်းနိုင်စေရန်အတွက်  အိန္ဒိယအစိုးရသည် ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့သည့် နိုင်ငံအချို့နှင့် ပဲဝယ်ယူမှု ဆိုင်ရာ နှစ် နိုင်ငံနားလည်မှုစာချွန်လွှာများ လက်မှတ် ရေး ထိုး၍ တင်သွင်းခြင်း၊  ၂၀၁၅-၂၀၂၀ နိုင်ငံခြား ကုန်သွယ်မှုမူဝါဒအရ ၂၀၁၇ ခုနှစ်မှစတင်၍ ပဲမျိုးစုံ အား ကန့်သတ်တင်သွင်းကုန်စည်အဖြစ်  သတ် မှတ်၍ ဘဏ္ဍာနှစ်အလိုက် ကိုတာ (Quota) ခွဲတမ်းစနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအား တင်သွင်း စေခြင်းတို့ကို  ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၅ သိန်းနှင့် ပဲလုံးတန်ချိန် ၁ ဒသမ ၅ သိန်းတို့ကို ၃၁.၃.၂၀၂၀ ရက် နောက်ဆုံး ထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက် ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနက ၂၉.၃.၂၀၁၉ ရက် အမိန့်ကြော်ငြာစာ အမှတ် No. 5014781481 (E) ဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါဝန်ကြီးဌာနရှိ ပြည်ပ ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနသည်  ၁၂.၆.၂၀၁၉ ရက်ပဲမျိုးစုံ တင်သွင်း ခွင့်ရရှိသည့် ကုမ္ပဏီများစာရင်းကို ထုတ် ပြန်ပေးခဲ့ပြီး ပဲတင်သွင်းရမည့် ကာလသတ်မှတ် ချက်ကိုလည်း ၃၁.၁၀.၂၀၁၉ ရက် နောက်ဆုံး ထား၍ အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့အရောက် တင် သွင်းကြ ရမည်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်လိုက် သည်။ သို့ရာတွင် အဆိုပါသတ်မှတ်ကာလအတွင်း လိုအပ်သော ပဲတန်ချိန်ပြည့်မီအောင်တင်သွင်း နိုင်မှုမရှိသဖြင့် ကုန်သည်များ၏တောင်းဆို မှုအရ အိန္ဒိယအစိုးရသည် ၅-၁၁-၂၀၁၉ ရက်တွင် ကြေညာချက် ထပ်မံထုတ်ပြန်လျက် ပဲစင်းငုံတစ်မျိုး တည်းကိုသာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုခဲ့သည်။

ပဲစိုက်ပျိုးထုတ်လုပ်မှု

      အိန္ဒိယနိုင်ငံ၏ တစ်နှစ်တာကာလ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတွင် မိုးရာသီကာလ စိုက်ပျိုး မှုမှာ ၄၀ ရာခိုင်နှုန်းခန့်ပါဝင်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲမျိုးစုံထွက်ရှိမှုမှာ မိုးသီးနှံ၌ တန်ချိန်  ၈ ဒသမ ၅၉ သန်းနှင့် ဆောင်းသီးနှံတွင် တန်ချိန် ၁၄ ဒသမ ၈ သန်း စုစုပေါင်းတန်ချိန် ၂၃ ဒသမ ၄ သန်းခန့်ရှိကြောင်း တွေ့ရှိရသည်။ အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံ ရေးဝန်ကြီးဌာနမှ ၂၇.၉.၂၀၁၉ ရက်ထုတ်ပြန် သည့် စာရင်းများအရ ၂၀၁၉ ခုနှစ် မုတ်သုံရာသီ ကာလတွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ  ၁၃၄ ဒသမ ဝ၂ သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာထက် ဟက်တာ ၁၄ ဒသမ ၁၃ သိန်းခန့် ပိုမိုခဲ့သည်။ မိုးရာသီ၌ ပဲလေးမျိုးအား အဓိကစိုက်ပျိုးရာတွင် Kulthi (Horse Gram) ပဲအမျိုးအစား၏ စိုက်ဧက လျော့နည်းခဲ့ပြီး ကျန်ပဲသုံးမျိုးဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲနှင့်ပဲတီစိမ်းတို့အား  ပုံမှန်ထက်ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ အိန္ဒိယအစိုးရသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွက် မတ်ပဲတင်သွင်းခွင့်ခွဲတမ်းသတ်မှတ် ချက်ကို မူလကတန်ချိန် ၁ ဒသမ ၅ သိန်းသတ်မှတ် ထားရာမှ နောက်ထပ်တန်ချိန် ၂ ဒသမ ၅ သိန်းကို တိုးမြှင့်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ ထပ်တိုးမတ်ပဲတင်သွင်းခွင့် ရရှိသည့် ကုမ္ပဏီများ သည်  အိန္ဒိယဆိပ်ကမ်းသို့ ၃၁.၃.၂၀၂၀ ရက် အရောက်    တင်သွင်းရမည်ဖြစ်ကြောင်းဖြင့် ၁၉.၁၂.၂၀၁၉ ရက်တွင် ကုန်သွယ်ရေး အသိပေးချက် Trade Notice No.43/2019-2020 ကို  ထုတ်ပြန်ခဲ့သည်။

အကောက်ခွန်နှုန်းထားများ

       အိန္ဒိယအကောက်ခွန်ဌာန၏ ၁.၉.၂၀၁၉ ရက်ရှိ သွင်းကုန်အခွန် သတ်မှတ်နှုန်းထားများအရ စားတော်ပဲလုံး (Pea) နှင့် ပဲနီလေး (Lentils) တင် သွင်းမှုအပေါ်  ၅၀ ရာခိုင်နှုန်း၊ ကုလားပဲအုပ်စုဝင် ပဲများအပေါ် ၆၀ ရာခိုင်နှုန်းနှင့် အခြားသောပဲများ အပေါ် ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံကြောင်း သိရှိရသည်။ အထူးအခွင့်အရေးပေးသည့်  ဒေသများ (Preferential Areas) မှ တင်သွင်းခြင်းဖြစ်ပါက စားတော်ပဲလုံးအပေါ် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ပဲ များအပေါ် ၂၀ ရာခိုင်နှုန်းသွင်းကုန် အခွန်ကောက်ခံ လျက်ရှိသည်။

ပဲဝယ်ယူမှုဆိုင်ရာနားလည်မှုစာချွန်လွှာ

        အိန္ဒိယနိုင်ငံသည် အာဖရိကရှိ ပဲစင်းငုံ စိုက်ပျိုး ထုတ်လုပ်သည့် မိုဇမ်ဘစ်နိုင်ငံနှင့် နှစ်နိုင်ငံ အကြား ပဲမျိုးစုံဝယ်ယူမှုဆိုင်ရာနားလည်မှု စာချွန် လွှာတစ်စောင်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သည်။ ငါးနှစ်တာ သက်တမ်း ရှိသော  ၎င်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံ သည် B2B,G2G  ဝယ်ယူမှုစနစ်များဖြင့် မိုဇမ်ဘစ် နိုင်ငံထံမှ ပဲစင်းငုံတန်ချိန်တစ်သိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ နှစ်စဉ် အရေအတွက် တိုးမြှင့်ဝယ်ယူခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွက် မိုဇမ်ဘစ်နိုင်ငံထံမှ ဝယ်ယူတင်သွင်း မည့် ပဲစင်းငုံပမာဏမှာ တန်ချိန် ၁ ဒသမ ၇၅ သိန်း ဖြစ်ပြီး ၃.၂.၂၀၂၀ ရက်အထိ ၁၆၅၂၉၂ ဒသမ ၇ တန် တင်သွင်းထားပြီးဖြစ်သည်။ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆိုပါနိုင်ငံထံမှ ပဲစင်းငုံတန်ချိန် နှစ်သိန်းကို တင်သွင်းမည်ဖြစ်သည်။

မြန်မာ့ပဲမျိုးစုံတိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မှု

         အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ် မှုတိုးမြှင့်ရာတွင် မိမိနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့်  ပဲမျိုးစုံအား  အိန္ဒိယဈေးကွက်သို့ တိုးတက်တင်ပို့ နိုင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရက ပဲမျိုးစုံအား ကန့်သတ် တင်သွင်း ကုန်စည်အဖြစ် သတ်မှတ်၍ ကိုတာခွဲတမ်း စနစ် ဖြင့် တင်သွင်းခွင့်ပြုခြင်းကို စတင်ဆောင်ရွက်ခဲ့ သည့် နောက်ပိုင်း၌ မြန်မာနိုင်ငံဘက်မှ အစိုးရနှင့် ပုဂ္ဂလိကဏ္ဍနှစ်ရပ်လုံးက အိန္ဒိယပဲဈေးကွက်သို့ ဝင်ရောက်နိုင်မှု ခိုင်မာအားကောင်းစေရေးအတွက် ပိုမိုတွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာ နှင့် အိန္ဒိယ နှစ်နိုင်ငံအစိုးရ အဖွဲ့အစည်းများ အကြား ပဲမျိုးစုံရောင်းဝယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ စီးပွားကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ အဆိုပြုသဘောတူ စာချုပ်မူကြမ်း ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယ  ပြည်ပ ရေးရာဝန်ကြီးဌာနနှင့်  ကူးသန်းရောင်းဝယ်ရေး နှင့်စက်မှုဝန်ကြီးဌာနတို့ထံ ပေးပို့ခဲ့ပြီး ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာသံရုံးမှ  အိန္ဒိယကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ အာဆီယံဌာနခွဲသို့ အလွတ်သဘောဆက်သွယ်မေးမြန်း ဆွေးနွေးမှု များအရ အဆိုပါဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် မတ်ပဲများအား ကာလ တိုးမြှင့်တင်သွင်းခွင့်ပြုနိုင်ရေး  ၂၀၂၀   ပြည့်နှစ်  မေလအထိ အချိန်တိုးမြှင့်ပေးရန် ဌာနအတွင်း၌  ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ၎င်းကိစ္စရပ်အား သတ္တမအကြိမ် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေးပူးတွဲ ကော်မတီအစည်းအဝေး၏ အစီအစဉ်တွင် ထည့် သွင်းဆွေးနွေးမည့် အခြေအနေရှိကြောင်း သိရှိရ သည်။

      အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မုတ်သုံရာသီကာလတွင် မိုးသီးနှံမတ်ပဲစိုက်ခင်း များ ထိခိုက်ပျက်စီးမှုများပြားခြင်း၊ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ဧကများ လျော့ကျခြင်းတို့ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထုတ်လုပ်မှု ပမာဏအောက် လျော့နည်းကျဆင်းလျက် ပြည်တွင်း ဈေးကွက် လိုအပ်ချက် မြင့်တက်လာဖွယ်ရာရှိ သည်။ သို့ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပမှပဲတင်သွင်းမှုပမာဏကို ပိုမိုတိုးမြှင့်ရမည့် အနေအထားရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် သီးနှံရာသီ ကာလ၌ ထွက်ရှိသည့် မြန်မာ့ပဲမျိုးစုံအား အိန္ဒိယ ဈေးကွက်သို့ တင်ပို့ရောင်းချရန် အလားအလာ ကောင်းမွန်မှုရှိနေဦးမည်ဟု သုံးသပ်ရသည်။ သို့ရာ တွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် အခြားသော ဈေးကွက်ယှဉ်ပြိုင်ဘက်များရှိ ခြင်း၊ အိန္ဒိယနိုင်ငံ ၏ ပြည်တွင်းထုတ်လုပ်မှု၊ ကောင်းမွန်မှု ရာသီဥတု နှင့် ဈေးကွက်ဈေးနှုန်း အခြေအနေများက သွင်း ကုန်ဆိုင်ရာမူဝါဒကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်ခြင်း တို့ကြောင့် ကာလရှည်တွင် မြန်မာ့ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုအတွက် ဈေးကွက်ခိုင်မာစွာ ရရှိစေ မည့် Contract Farming  ကဲ့သို့သော လုပ်ငန်း အစီ အစဉ်များ ဖော်ဆောင်လုပ်ကိုင်နိုင်ရေးကို အိန္ဒိယ နိုင်ငံရှိ အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။