Main menu

Background

HANA BANK က မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်တစ်ခုထံမှ အစုရှယ်ယာ ဝယ်ယူရန်စီစဉ်လျက်ရှိ

Wed, 03/04/2020 - 16:24 -- journal_editor

        ကိုရီးယားသမ္မတနိုင်ငံ၏ ထိပ် တန်းဘဏ်တစ်ခုဖြစ်သော Hana Bank သည် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ် တစ်ခုမှ အစုရှယ်ယာများကိုဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်း၊ ယခုအချိန် သည် တောင်ကိုရီးယားဘဏ်များက မြန်မာနိုင်ငံတွင် နိုင်ငံ ခြားဘဏ်ခွဲဖွင့် လှစ်ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံတွင် အပြိုင်အဆိုင် ကြိုးစားလျှောက် ထားနေကြသည့်ကာလဖြစ်ပြီး Hana Bank  အနေဖြင့် မြန်မာနိုင်ငံ၏ပြည် တွင်းထိပ်တန်းဘဏ်တစ်ခုမှ အစုရှယ်ယာ ကိုပါ ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း Hana Bank ၏မိခင်ကုမ္ပဏီဖြစ်သော Hana Financial Group  မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြော ကြားခဲ့ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ၏ မည်သည့်ဘဏ်ထံမှ အစုရှယ်ယာ ဝယ်ယူမည် စသည့် အချက်အလက် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

     မြန်မာနိုင်ငံသည် နိုင်ငံခြားဘဏ် များအားပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ် ခွင့်ကို အကန့်အသတ်ဖြင့် မကြာသေးမီ က စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အရှေ့ တောင်အာရှဒေသတွင် တည်ရှိသော မြန်မာနိုင်ငံ၌ အထင်ကရ ပုဂ္ဂလိက ဘဏ်များမှာ ကမ္ဘောဇဘဏ်၊ ဧရာဝတီ ဘဏ်၊ CB ဘဏ်နှင့် Apex ဘဏ်တို့ ဖြစ်ကြကြောင်း၊ Hana Bank သည် ငွေလွှဲပေးပို့ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်နှင့် ၂၀၁၆ ခုနှစ်ကတည်းကပင် ပူးပေါင်း၍ လက်တွဲ ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီဘဏ် နှင့်လည်း အရောင်းနှင့် ပူးတွဲရင်းနှီးမြှုပ် နှံမှုဆိုင်ရာကဏ္ဍများအတွက် ၂၀၁၂ ခုနှစ်ကတည်းကပင် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ Hana Bank သည် ယခုနှစ်တွင် ပြည်တွင်း ဘဏ်တစ်ခုထံမှ အစုရှယ်ယာဝယ်ယူရန် စီစဉ်နေမှုအပြင် ဘဏ်ခွဲဖွင့်လှစ်ခွင့် ရရှိရေးအတွက်လည်း ဝင်ရောက်လျှောက်ထားယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရသည်။

     လက်ရှိ မြန်မာနိုင်ငံတွင် သြစတြေးလျ၊ ထိုင်း၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနှင့် တောင်ကိုရီးယား နိုင်ငံတို့မှ လာရောက်ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်ခွဲများအနေဖြင့် ၁၃ ခုရှိ ပြီး၊ Shinhan Bank သည် မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြာ းဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရှိခဲ့သည့်တစ်ခုတည်းသော တောင်ကိုရီးယားဘဏ်ဖြစ်ကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ၏ သက်ဆိုင်ရာ ဘဏ္ဍာရေးအာဏာပိုင် များမှအချို့သောကိုရီးယားဘဏ်များကို မြန်မာနိုင်ငံတွင်ဘဏ်ခွဲ ဖွင့်လှစ်ခွင့် ထပ်မံခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း၊ ခွင့်ပြု ပေးမည့် လိုင်စင်အမျိုးအစားများတွင် Subsidiary နှင့် Branch ဟူ၍ နှစ်မျိုး ရှိရာ၊ Hana Bank နှင့်အတူ တောင်ကိုရီးယား၏ အခြားသောထိပ်တန်းဘဏ် ပြိုင်ဘက်များဖြစ်ကြသည့်  Industrial Bank of Korea (IBK) နှင့် KB Kookmin Bank တို့သည် မြန်မာနိုင်ငံတွင် Subsidiary  Status ဖြင့် လက်အောက်ခံ သီးသန့်ကုမ္ပဏီအဖြစ် ဖွင့်လှစ်ခွင့်အားရရှိရန် လျှောက်ထားပြီး၊ Korea Development Bank (KDB) ကမူဘဏ်ခွဲ (Branch) ဖွင့်လှစ်ခွင့်ကို လျှောက်ထားကြောင်း ဖော်ပြပါရှိသည်။ Branch အဖြစ်ဖွင့်လှစ်ခြင်းသည် နိုင်ငံခြားတွင်ရှိသော   ဘဏ်တစ်ခုက မြန်မာနိုင်ငံ၌ ဘဏ်ခွဲတစ်ခုအနေဖြင့်သာ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး Subsidiary အနေဖြင့် ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံ ၏ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ရ မည့် ဘဏ်ခွဲအဖြစ်ရှိမည်ဖြစ်သည်။ Subsidiary နှင့် Branch တို့ သည် အနည်းဆုံးမတည်ငွေ၊ ဗဟိုဘဏ်တွင် အပ်နှံထားရမည့်ပမာဏ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးအပ်နိုင်သည့် နယ်ပယ် နှင့် ဘဏ်ခွဲအရေအတွက် ဖွင့်လှစ်နိုင်မှု တို့တွင် ကွာခြားမှုရှိမည်ဖြစ်သည်။

 

ဝင်းပပသူ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့။