Main menu

Background

ကိုရိုနာဗိုင်းရပ်စ်နှင့် ကိုရီးယားနိုင်ငံ၏ စီးပွားရေးအလားအလာ

Mon, 03/16/2020 - 11:28 -- journal_editor

       အာရှဒေသ၏ စတုတ္ထမြောက်စီးပွားရေးအင်အား ကြီးနိုင်ငံတစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီရက်၂၀အတွင်း အကောက်ခွန် ဝန်ဆောင်မှုဌာနမှ သိရှိရသော ကုန်သွယ်မှုသတင်းအချက် အလက်များအရ ပို့ကုန်တွင် Chips  ပြားများနှင့် မော်တော် ယာဉ်အစိတ်အပိုင်းများ တိုးတက်တင်ပို့နိုင်ခဲ့မှုကြောင့် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံတင်ပို့နိုင်ခဲ့ပြီး၊ ယခင်နှစ် ကာလတူထက် ၁၂ ဒသမ ၄ရာခိုင်နှုန်းတိုးတက် ခဲ့သော်လည်းနေ့စဉ် ပျှမ်းမျှတင်ပို့နိုင်မှုအရမူ ယခင်နှစ် ကာလတူထက် ၉ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ နေ့စဉ် ပျှမ်းမျှ တင်ပို့နိုင်မှုတွင် ၃ ဒသမ ၇ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ အလားတူတရုတ်နိုင်ငံမှ တင်သွင်းမှုတွင်လည်း ၁၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက် အတွင်း ပို့ကုန်တိုးတက်တင်ပို့နိုင်မှု အခြေအနေသည် ၆၉ ဒသမ ၄ ရာခိုင်နှုန်းထိ တိုးတက်ကောင်းမွန်ခဲ့သည့်အတွက် နိုင်ငံ၏ ပို့ကုန်တိုးတက်ရန် မျှော်လင့်ချက်ရောင်ခြည်သန်း ခဲ့သော ကိုရီးယားသမ္မတနိုင်ငံသည် ဖေဖော်ဝါရီ ၁၈ ရက် မှစ၍ Novel Coronavirus (COVID_19) ၏ ပြန့်ပွားမှုနှုန်း သည် မမျှော်လင့်ဘဲ ရုတ်တရက်တိုးမြင့်လာခဲ့ကာ၊ အဆိုပါ ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြီး လျှင် ဒုတိယအများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ပြည်သူ လူထု၏ စိုးရိမ်မှုသည်လည်း မြင့်တက်လျက်ရှိသည်။

      သမ္မတမွန်ဂျေအင်းအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ ၏ အဆိုပါဗိုင်းရပ်ပျံ့နှံ့မှုအားအမြင့်ဆုံး အနီရောင် အရေး ပေါ် အဆင့်သတ်မှတ်ထားပြီး၊ အစိုးရသည်ပြည်သူနှင့် တစ်သားတည်းရှိနေကြောင်း ပြည်သူများစိတ်ဓာတ်တကြွ်က စေရန် ရောဂါအများဆုံးဖြစ်ပွားရာမြို့များသို့ သွားရောက် စစ်ဆေး၍အားပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြုလုပ်ခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ၏ စီးပွားရေးကိုကယ်တင်နိုင်မည့်မိမိနိုင်ငံ၏ အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းရှင်များကို ကာကွယ်ကူညီ နိုင်မည့် အရေးပေါ်စီးပွားရေးဆိုင်ရာမူဝါဒများ ချမှတ်ရန် အစိုးရအဖွဲ့အား ညွှန်ကြားခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ Bank of Korea  သည် ၂၇-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ငွေကြေးမူဝါဒဆိုင်ရာအစည်းအဝေး၌ အခြေခံ အတိုးနှုန်း (Benchmark Interest Rate)  အား ၁ ဒသမ ၂၅ ရာခိုင်နှုန်းတွင်ပင် မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့သည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် COVID_19 ၏ စီးပွားရေး အပေါ် ရိုက်ခတ်မှုများကြောင့် ယခုအချိန်သည် အခြေခံ အတိုးနှုန်းကိုပြောင်းလဲရန်မသင့်သေးဘဲ စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း၊ သို့ရာတွင် ဗဟိုဘဏ် Bank of Korea အနေဖြင့် အခြေခံ အတိုးနှုန်းနိမ့်ခြင်းကြောင့် ကိုရီးယား ဝမ်ငွေနှင့် အိမ်ရာဈေးကွက်တို့တွင် တန်ဖိုး လျော့ကျခြင်း တို့ဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

        ထို့အပြင် Bank of Korea  သည် ၂၀၂၀ ပြည့်နှစ် အတွက် နိုင်ငံ၏စီးပွားရေး တိုးတက်မှု နှုန်းကိုမူလခန့်မှန်းခဲ့ သည့် ရာခိုင်နှုန်းထက် သုည ဒသမ ၂ ရာခိုင်နှုန်း လျှော့ချ၍ ၂ ဒသမ ၁ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၂.၄ ရာခိုင်နှုန်း ရရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။ သို့ရာတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အနေအထားများအရ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းအောက်သို့ပင် ရောက်နိုင်ကြောင်း ကမ္ဘာ့စီးပွား ရေးပညာရှင်အချို့က ခန့်မှန်းထားကြသည်။ အဆိုပါ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် ယခုနှစ်ကုန်သွယ်မှုကို များစွာ ထိခိုက်လာနိုင်သည့်အတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပြည်ပတင်ပို့သူများအတွက် အတိုးနှုန်း နည်းသည့်ချေးငွေနှင့် ဈေးကွက်ရှာဖွေရေး လုပ်ငန်းများတွင် ထောက်ပံ့နိုင်ရန် ၃ ဘီလီယံဝမ် (အမေရိကန်ဒေါ်လာ ၃၁၁ သန်း) သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကိုရီးယား သမ္မတနိုင်ငံအစိုးရအနေဖြင့် လတ်လလောဖြစ်ပေါ်လျက် ရှိသည့် Novel Coronavirus  ကူးစက်ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံ၏စီးပွားရေးအား တည့်မတ်နိုင် ရေးတို့အတွက် လိုအပ်သည့်ဖြည့်စွက် ဘဏ္ဍာရေး ခွင့်ပြု ငွေများနှင့် အစီအမံများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အစပြုခဲ့သည့် Novel Coronavirus ရောဂါသည် ကမ္ဘာအရပ်ရပ်ရှိလေကြောင်း၊ ရေကြောင်း ပို့ဆောင်ရေးများမှအစပြု၍ ခရီးသွားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ ကုန်စည်ထုတ်လုပ်မှု၊ ကူးသန်းရောင်း ဝယ်မှုကဏ္ဍ စသည့် စီးပွားရေးကွင်းဆက်အားလုံးကို ထိခိုက်လာသည့်အတွက် စီးပွားရေးကပ်ဘေးတစ်ခု မဖြစ် စေရန် ဤကူးစက်ရောဂါကို ကာလတိုအတွင်း ထိန်းချုပ် နိုင်ရေးသည် ကိုရီးယားသမ္မတနိုင်ငံသာမက ကမ္ဘာတစ်ဝန်း ရှိ  လူသားအားလုံး၏   မျှော်လင့်ချက်ပင်ဖြစ်သည်။ ကုန်သွယ်မှုအပိုင်း၌ ပို့ကုန်ရောသွင်းကုန်ပါ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအပေါ်တွင် များစွာမှီတည်လျက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန် သုံးဆတိုးတက်ရန် မျှော်မှန်းထားသော်လည်း လက်ရှိ ကြုံတွေ့နေရသည့် ဃဥဠှီု_၁၉ ကူးစက်ရောဂါ၏ ရိုက် ခတ်မှုသည် နိုင်ငံရေး၊ စီးပွားရေးရာများတွင်ပါ သက် ရောက်မှုရှိနေသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ကိုရီးယား သမ္မတနိုင်ငံ၏စီးပွားရေး တိုးတက်မှုအခြေအနေသည် ခန့်မှန်းရန် ခက်ခဲလျက်ရှိပြီး စောင့်ကြည့်ရမည့် အနေအထား ဖြစ်ပါသည်။

 

ဝင်းပပသူ ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့