Main menu

Background

အိန္ဒိယ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပဲတင်သွင်းမှု ၅၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိ

Mon, 03/16/2020 - 11:31 -- journal_editor

       အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Pune  မြို့၌ အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ စီစဉ်မှုဖြင့် သုံးရက်တာကျင်းပသည့် ပဉ္စမအကြိမ် အိန္ဒိယပဲမျိုးစုံဆိုင်ရာ ညီလာခံ ဆွေးနွေးပွဲ (India Pulses Conclave 2020) ကို ပြုလုပ် ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချလျက်ရှိသည့် နိုင်ငံများမှ ကုန်သည်များ၊ အိန္ဒိယ ဒေသခံကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု လုပ်ငန်းနှင့် ပတ်သက်၍ ကြောင်းကျိုးဆီလျော်မှုနှင့် ပွင့်လင်း မြင်သာမှုရှိသော ကုန်သွယ်ရေး မူဝါဒတစ်ရပ်ကို ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဟု ဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။

      ဆွေးနွေးပွဲသို့ ကနေဒါနိုင်ငံ၊ Saskatchewan  ပြည်နယ်မှ စိုက်ပျိုးရေးဝန်ကြီး Mr. David Mari  အပါဝင်တက်ရောက်ခဲ့တွင် ၎င်းက ကနေဒါနိုင်ငံ သည် အိန္ဒိယသို့ ပဲနီလေးနှင့် ပဲလုံး (စားတော်ပဲ အဝါ) တို့ကို အဓိကတင်ပို့လျက်ရှိကြောင်း၊ အိန္ဒိယ အစိုးရက ပြည်တွင်းရှိတောင်သူများ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုကိုမြှင့်တင်လျက် ပြည်ပမှ တင်သွင်းမှု အား ကန့်သတ်ခဲ့သည့်နောက်ပိုင်း၌ ၎င်းတို့၏ ပဲ တင်ပို့မှုမှာလည်း လျော့နည်းလာခဲ့ကြောင်း၊ ကနေဒါ မှ အိန္ဒိယသို့ ပဲတင်ပို့မှုမှာ ကနေဒါ‌ဒေါ်လာ ငွေ (CAD) တန်ဖိုးအားဖြင့် ၂၀၁၅ ခုနှစ်တွင် ၁ ဒသမ ၅ ဘီလီယံရှိရာမှ ၂၀၁၉ ခုနှစ်၌ CAD ၃၂၉ သန်း သို့ လျော့ကျခဲ့ကြောင်း၊ သို့ရာတွင် ပရိုတင်းဓာတ်ကြွယ်ဝသည့် သီးနှံအား ဝယ်လိုအားမြင့်မားသည့် အခြားသော ဈေးကွက်နိုင်ငံများ ရှိနေပြီး ၎င်းတို့ အနေဖြင့် တရုတ်၊ ဗီယက်နမ်၊ ဂျပန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့ ဈေးကွက်အသစ်များသို့ ပဲတင်ပို့မှု တိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုကန့်သတ်ဆောင်ရွက်ခြင်းက ကနေဒါနိုင်ငံရှိ Saskatchewan ပြည်နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုပုံစံ (Cropping pattern) ကို သိသာစွာ သက်ရောက်ပြောင်းလဲစေ ခြင်း မရှိကြောင်း၊ လက်ရှိကာလ၌ Saskatchewan  ပြည်နယ်ရှိ ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့သည့် လုပ် ငန်းများသည် စိုက်ပျိုးထွက်ရှိမှု၏ ၁၀ ရာခိုင် နှုန်းကိုသာ ကုန်ချောအဖြစ် ထုတ်လုပ်ရာမှ ဈေးကွက် လိုအပ်ချက်နှင့်အညီ လိုက်ပါနိုင်ရန်အတွက် ပဲကုန် ချော ထုတ်လုပ်မှုကို ၅၀ ရာခိုင် နှုန်းအထိမြှင့်တင် ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

          ကနေဒါနိုင်ငံရှိ Saskatchewan ပြည်နယ် အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု ရှိရေးအတွက် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်း နေရမှုအပေါ်  ကာလရှည်တွင် ပဲမျိုးစုံကဏ္ဍမှ ကူညီပေးရန်ဆန္ဒရှိပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်မှုကို အထောက်အပံ့ပြုမည့် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးတစ်ခုအား ဖွင့်လှစ်နိုင်ရန် ရှုမျှော် ဆောင်ရွက်လျက်ရှိကြောင်း၊  သို့ဖြစ်ရာ ၎င်းတို့ အနေဖြင့် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိပြီးကြောင်း ကျိုးညီညွတ်မှုရှိသော   ကုန်သွယ်မှုမူဝါဒ ချမှတ် ဆောင်ရွက်ခြင်းကို လိုလားမှုရှိကြောင်း ပြောကြား ခဲ့သည်။ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အစိုးရက ပဲတင်သွင်းခွင့်ခွဲတမ်းများ ထပ်မံချထား ပေးခြင်းမရှိပါက အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုမှာ လက်ရှိတင်သွင်းမှုအောက် ၅၀ ရာခိုင်နှုန်းခန့် လျော့ ကျပြီး နှစ်နိုင်ငံစာချုပ်အရ မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်း မည့် ပဲစင်းငုံတန်ချိန်နှစ်သိန်းအပါအဝင် ပဲနီလေး နှင့် ကန့်သတ်ထားခြင်းမရှိသော အခြားပဲများအား စုစုပေါင်းတန်ချိန် ၁၂ သိန်းမှ ၁၅ သိန်းအတွင်းသာ တင်သွင်းဖွယ်ရာရှိကြောင်း၊ ဈေးကွက်လိုအပ်ချက် ရှိမည့် မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုလည်း ဆက်လက်တင်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ယခုနှစ် စိုက်ပျိုးထွက်ရှိ သည့် မတ်ပဲများအား ၂၀၂၀ ပြည့်နှစ် မေလအထိ အချိန် တိုးမြှင့်တင်သွင်းခွင့်ပြုရန် အစိုးရထံတောင်း ဆိုထားကြောင်းဖြင့် အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်းက India Pulses Conclave 2020  ၂၀၂၀ ဆွေးနွေးပွဲတွင် သတင်းဌာနများသို့ ပြောကြားခဲ့သည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့