Main menu

Background

အိန္ဒိယတွင် အရေးပေါ်စီမံချက်များ ချမှတ်ဆောင်ရွက်ရန် ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

Mon, 06/29/2020 - 14:17 -- journal_editor

အိန္ဒိယနိုင်ငံတွင် နိုင်ငံတစ်ဝန်း လုံး၌ အသွားအလာကန့်သတ် တားမြစ် ထားခြင်းကို  ဇွန်  ၁  ရက်မှ  စတင် ဖြေလျှော့လျက် COVID-19 ဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရေး အစီ အမံများကို ဒေသန္တရအစိုးရများ၏အစီ အစဉ်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သော်လည်း ဒေလီမြို့တော် ပြည်ထောင်စု နယ်မြေ၊ မဟာရတ္ထ၊ တမီနာဒူ၊ ဂူဂျရတ်၊ ဥတ္တပရာ‌ဒေ့ရှ်၊ ရာဂျပ်စတန် စသည့် ပြည်နယ်များနှင့် အခြားမြို့ကြီးများ၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ မြင့်တက်လျက်ရှိ ရာ အဆိုပါနယ်မြေဒေသများ၌ အရေးပေါ် စီမံချက်များချမှတ် ဆောင် ရွက်ရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင် ဒရာမိုဒီ က ဇွန် ၁၃ ရက်တွင် ပြည်ထောင်စု အဆင့်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး ရာ၌ လမ်းညွှန်မှာကြားခဲ့သည်။ အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်း ၏ သုံးပုံနှစ်ပုံသည် ပြည်နယ်/ ပြည် ထောင်စုနယ်မြေ ငါးခု၌ ဖြစ်ပေါ်လျက်ရှိပြီး မြို့ကြီးများ၌ အဆိုပါရောဂါ ကူးစက်ခံရမှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုနှင့် ရောဂါကူး စက်ခံရသည့် လူနာများအား လက်ခံကုသပေးရန် ဆေးရုံများ၌ ကုတင်နေရာ ရရှိမှုဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။အထူးသဖြင့် ဒေလီမြို့တော်၌ ဇွန်လ ဒုတိယပတ် နှောင်းပိုင်းနေ့ရက်များ တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရ သူ အတည်ပြုလူနာအသစ် ၁၅၀ဝ ကျော် နေ့စဉ်တွေ့ရှိလာရပြီး အဆိုပါရောဂါဝေဒနာသည်များအတွက် ဆေးရုံကုတင်နေရာ ရရှိနိုင်မှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသည့်အပေါ် ဒေလီမြို့အခြေစိုက် အိန္ဒိယကုန်သည်များ ကွန်ဖက်ဒရေးရှင်း (CAIT) က နိုင်ငံတစ်ဝန်းရှိ ကုန်သည်အသင်း အဖွဲ့ပေါင်း ၂၈၀ဝ ထံမှ သဘောထား စစ်တမ်းကောက်ယူခဲ့ရာ၌ ဗိုင်းရပ်စ် ကူးစက်မှုအား ထိန်းချုပ်နိုင်မှုအခြေအနေ တိုးတက်ကောင်းမွန်ခြင်းမရှိပါက ဈေး များ၊ ဈေးဝယ်စင်တာများရှိ ဆိုင်များကို ပိတ်သိမ်းရန် ဆန္ဒရှိကြောင်း အဆိုပါ ကုန်သည်များ၏ ၈၈ ရာခိုင်နှုန်းက ထုတ်ဖော် ပြောကြားခဲ့ကြသည်။

သို့ဖြစ်ရာ ဇွန် ၁၄ရက်တွင်အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားသည် ဒေလီပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် အဆင်မြင့် အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေလီမြို့တော်၌ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတားဆီးထိန်း ချုပ်ရေးအတွက် ဗဟိုအစိုးရအနေဖြင့် ရထားတွဲဆိုင်း ၅၀ဝ အား ကုတင်နေရာ ၈၀ဝ၀ ရရှိစေ မည့် ဆေးကုသမှုနေရာအဖြစ် ပြောင်းလဲ ပေးခြင်း၊ ဒေလီမြို့၌ ကျန်းမာရေး ဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်မှုအား ကူညီရန် အဆင့်မြင့်အရာရှိ ငါးဦး အား တာဝန်ပေးအပ်လျက် ဆေးရုံများတွင် အောက်ဆီဂျင် ဆလင်ဒါများ၊ အသက် ရှု အကူစက်ကိရိယာများနှင့် အခြား လိုအပ်သည့် အထောက်အပံ့များပေး ခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို ဇွန်လတတိယပတ်မှစတင်၍ နှစ်ဆ တိုးမြှင့် ခြင်း စသည်တို့ကို လုပ်ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဒေလီပြည်ထောင်စု   နယ်မြေ ဝန်ကြီးချုပ် အာဗင်ကီ ဂျရီဝယ်က ၎င်းတို့ အနေဖြင့် မြို့တော်အား lockdown ထပ်မံချမှတ်ခြင်းပြုမည် မဟုတ်ကြောင်း၊ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအား တိုးမြှင့်လုပ်ဆောင်ရာတွင် ဗဟိုအစိုးရ၏ ညွှန်ကြားမှုအရ နောက်ဆုံး အတည် ပြုထားပြီးဖြစ်သည့် Standard Q Covid-19 Ag Antibody Testing Kit ခေါ် ဇီဝဆန့်ကျင်ပစ္စည်းဖြင့် စစ်ဆေး သည့်စနစ်ကို အသုံးပြုဆောင်ရွက်မည် ဖြစ်ကြောင်း ဇွန် ၁၅ ရက် ပြောဆိုသည်။ လက်ရှိစံသတ်မှတ်ထားသော RT-PCR Test စနစ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိ/မရှိ စစ်ဆေးမှုမှာ တစ်ကြိမ်လျှင် ရူပီးငွေ ၄၅၀ဝ ကျသင့်ပြီး အချိန် ၃ နာရီမှ ၄ နာရီခန့်အထိ ကြာမြင့်မှုရှိပါ သည်။ ယခု Antibody Testing Kit ဖြင့် စမ်းသပ်မှုမှာ မိနစ် ၃၀ ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း တစ်ကြိမ်လျှင် ရူပီးငွေ ၄၅၀ ခန့်သာ ကျသင့်မည်ဖြစ်၍ ဒေလီမြို့တော်အတွင်း အထူးကန့်သတ်ထားသည့် Con-tainment Zones နယ်မြေပေါင်း ၂၂၂ ခုမှ ဓာတ်ခွဲ နမူနာများအား ဤနည်းစနစ်ကို အသုံး ပြု၍ စစ်ဆေးဆောင်ရွက်ရန် အစိုးရက ညွှန်ကြားထားကြောင်း သိရှိရသည်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန ၏ စာရင်းများအရ ဇွန် ၁၇ ရက် နံနက် ၈ နာရီအချိန်အထိ နိုင်ငံတစ်ဝန်း၌ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ အရေအတွက်မှာ ၃၅၄၀၆၅ ဦးရှိပြီး မဟာရတ္ထနှင့် တမီ နာဒူ ပြည်နယ်များ၏နောက်တွင် ဒေလီ ပြည်ထောင်စုနယ်မြေသည် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၄၆၈၈ ဦးဖြင့် တတိယ အများဆုံးနေရာ၌ တည်ရှိနေကြောင်း တွေ့ရှိရပါသည်။

 

နေအေးလွင် ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့