Main menu

Background

ယူရိုဇုန်၏လက်လီရောင်းချမှု ကပ်ရောဂါကာလမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိ

Wed, 08/12/2020 - 14:45 -- journal_editor

 

ယူရိုဇုန်တွင် လက်လီရောင်းချမှုပမာဏမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ တွင် ပြန်လည်တိုးတက်လာခဲ့ပြီး အသွားအလာကန့်သတ်မှုများ မပြုလုပ်မီ ကာလဖြစ်သည့် ဖေဖော်ဝါရီလက ရောင်းချမှု အခြေအနေသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ယူရိုဇုန်၏ ဇွန်လအတွင်း လက်လီရောင်းချမှုသည် မေလ၌ ရောင်းချမှုပမာဏထက် ၅ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဥရောပစာရင်းအင်းအဖွဲ့အစည်း Eurostat  ၏ စာရင်းဇယားများအရ သိရ သည်။အဝတ်အထည်များနှင့် ကားလောင်စာဆီများတွင် သုံးစွဲမှုတိုးတက် ခဲ့ခြင်းကြောင့် လက်လီရောင်းချမှုပြန်လည်တိုးတက်လာခြင်းဖြစ်သည်။

လက်လီရောင်းချမှုပမာဏတိုးတက်ခဲ့သော်လည်း    စီးပွားရေး ပညာရှင်များခန့်မှန်းထားသည့် ၅ ဒသမ ၉ ရာခိုင်နှုန်းထက် အနည်းငယ် လျော့ နည်းခဲ့ကြောင်း၊ လက်လီရောင်းချမှုသည် မေလနှင့်ဇွန်လတို့တွင် နှစ်လဆက်တိုက် တိုးတက်ခဲ့သဖြင့် ယူရိုဇုန်နိုင်ငံများ၌ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေးLockdown  များ ပြုလုပ်ခဲ့ရသည့် မတ်လနှင့် ဧပြီလတို့ အတွင်း စံချိန်တင်ကျဆင်းခဲ့သည့်အခြေအနေအား ပြန်လည်ချိန်ညှိလာ နိုင်ခြင်းဖြစ်ကြောင်းEurostat  က ပြောကြားသည်။

ယခုနှစ် ဇွန်လတွင် လက်လီဝယ်ယူမှုပမာဏသည် ယခင်နှစ်က ထက် ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် နှစ်စဉ်နှိုင်းယှဉ်ချက်၌ တိုးတက်လာခြင်းဖြစ်ရာ ယူရိုဇုန် ၏ လက်လီရောင်းချမှုသည်  အကျပ်အတည်း ကာလမတိုင်မီကအဆင့်သို့ ပြန်လည်ရောက်ရှိလာသည့် လက္ခဏာဖြစ်ကြောင်း Eurostat အရ သိရ သည်။ လအလိုက် နှိုင်းယှဉ်ချက်တွင် ဇွန်လ၌လက်လီရောင်းချမှု ဂဏန်း နှစ်လုံးဖြင့် တိုးတက်ခဲ့သည့်နိုင်ငံများမှာ အိုင်ယာလန်၊ အီတလီနှင့်စပိန် နိုင်ငံတို့ဖြစ်ကြပြီး ဂျာမနီနှင့်သြစတြီးယားနိုင်ငံတို့တွင်မူ မေလကတိုးတက် ခဲ့သည့်အခြေအနေမှ တ  စ်ဖန်ပြန်လည်ကျဆင်းခဲ့သည်။ ယူရိုဇုန်တွင် လအလိုက် နှိုင်းယှဉ်ချက်အရ အထည်အလိပ်၊ အဝတ်အထည်နှင့် ဖိနပ် များ ရောင်းချမှုသည် ၂၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊စားသုံးသူ များသည်ကားလောင်စာဆီ၊ကွန်ပျူတာပစ္စည်းကိရိယာများနှင့်စာအုပ်များ ကိုလည်းပိုမိုဝယ်ယူမှုရှိခဲ့ကြကြောင်း၊ စားသုံးသူများအနေဖြင့်ရောင်းချရာ နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ  သွားရောက်ဝယ်ယူမှုများကို ပြန်လည် လုပ်ဆောင်လာကြသဖြင့် ဇွန်လတွင်   အွန်လိုင်းမှရောင်းချရမှုသည်  ၆ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ရင်းမြစ် - Reuters, Eurostat

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့