Main menu

Background

သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းဆိုင်ရာ အမှုကိစ္စတစ်ရပ်အား ရပ်စဲကြောင်း အိန္ဒိယတရားရုံးချုပ် အမိန့်ချမှတ်

Wed, 08/12/2020 - 14:46 -- journal_editor

 

အိန္ဒိယနိုင်ငံ  မဏိပူရ်ပြည်နယ်ရှိ မိုရေး မြို့နှင့် ထိုင်းနိုင်ငံရှိ မဲဆောက်မြို့တို့အကြား  ဆက် သွယ်ဖောက်လုပ်မည့်    အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ စီမံကိန်းလုပ်ငန်း များအား   အကောင်အထည်ဖော်ဆောင်ရာ၌ ဥပဒေကြောင်းအရ နှောင့်နှေး ကြန့်ကြာခက်ခဲမှု ဖြစ်ပေါ်စေလျက်ရှိသည့် စာချွန်တော် လျှောက် ထားမှုဆိုင်ရာ  ကိစ္စရပ်တစ်ခုအား အိန္ဒိယ တရား လွှတ်တော်ချုပ်က ဇူလိုင် ၂၈ ရက်တွင် ကြားနာ စစ်ဆေးလျက်  အမှုအား ဆိုင်းငံ့သည့်အမိန့်ကို ချမှတ်လိုက်ခြင်းဖြင့်    ရှင်းလင်းဖယ်ရှားပေးခဲ့ ကြောင်းHindustan Times  သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရသည်။

၂၉-၈-၂၀၁၆ ရက်တွင် အဆိုပါ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းအား   အကောင် အထည်ဖော်ဆောင်ရွက်ရေး သဘောတူညီချက်ကို အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လက်မှတ် ရေးထိုးခဲ့ရာ၌        တမူး-ကြည်ကုန်း-ကလေးဝ ချဉ်းကပ်လမ်းပိုင်း    ဖောက်လုပ်မှု  အပါအဝင် အဝေးပြေးလမ်းမကြီး တစ်လျှောက်ရှိ တံတား ၆၉ စင်းအား တည်ဆောက်ရေးနှင့်အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းလည်း ပါဝင်ခဲ့သည်။    ရူပီးငွေ ၂၉၃၉ သန်းကျော် ကုန်ကျမည့် ၎င်းစီမံကိန်း လုပ် ငန်း၌ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနသို့ စီမံ ခန့်ခွဲရေး    အတိုင်ပင်ခံဝန်ဆောင်မှု (ဏ(Project Management Consultancy)  ထောက်ပံ့ပေးရန် အိန္ဒိယနိုင်ငံရှိ Ircon ISL  လီမိတက်က ၂၆-၁၀-၂၀၁၇ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး အင်ဂျင်နီယာ လုပ်ငန်း၊ ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်း များ(Engineering, Procurement & Construction - EPC) ဆောင်ရွက်ရန်   မွန်ဘိုင်းမြို့ အခြေစိုက်Niraj Cement Structurals  လီမိတက်နှင့် မဏိပူရ် ပြည်နယ်ရှိ  Manipur Tribal Development Corporation လီမိတက်တို့ ပူးပေါင်းသည့်NCSL-MTDCL JV ဖက်စပ်လုပ်ငန်းအဖွဲ့က  တင်ဒါ အောင်မြင်လျက် ၈-၁၁-၂၀၁၇ ရက်တွင် ကန်ထ ရိုက်စာချုပ် ချုပ်ဆိုခဲ့ကြသည်။ သို့သော် ၎င်းဖက် စပ်လုပ်ငန်းအဖွဲ့အနေဖြင့် လုပ်ငန်းစတင်သည့် ၂၈-၁၁-၂၀၁၇ ရက်မှ ၁၃ လကြာမြင့်သည့်တိုင် တစ်စုံတစ်ရာမျှ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပျက် ကွက်လျက်ရှိသဖြင့် ၂၄-၁၂-၂၀၁၈ ရက်တွင် EPC စာချုပ်ရပ်စဲခြင်းကို အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက Ircon ISL  အတိုင်ပင်ခံ လီမိတက် မှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ကန်ထရိုက် စာချုပ်ရပ်စဲမှုအပေါ်NCSL-MTDCL JV  အဖွဲ့က ၂၉-၁၂-၂၀၁၈ ရက်တွင်     မဏိပူရ်ပြည်နယ် တရားရုံးချုပ်၌    အမှုဖွင့်လှစ်ရင်ဆိုင်ခဲ့ရာ ၎င်း တရားရုံးက စီရင်ပိုင်ခွင့်အာဏာအတွင်းကျရောက် မှုမရှိကြောင်းဖော်ပြလျက် အမှုစွဲဆိုထားရှိခြင်းကို ၂၉-၃-၂၀၁၉ ရက်တွင် ပယ်ချခဲ့သည်။ သို့ဖြစ်ရာ ၎င်းဖက်စပ်လုပ်ငန်းအဖွဲ့က   မဏိပူရ်ပြည်နယ် အယူခံတရားရုံး၌ စာချွန်တော် လျှောက်ထားမှု ထပ်မံဖွင့်လှစ်ခဲ့ရာမှ   အမှုပြီးပြတ်နိုင်ခြင်းမရှိဘဲ တင်ဒါ အသစ်ခေါ်ယူလျက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေးမှာ   ကြန့်ကြာ နေခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးစီမံကိန်းလုပ်ငန်းများအား   မြန်မာ နိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက် ခြင်းကို အိန္ဒိယအစိုးရ၏ အရှေ့လှမ်းမူဝါဒနှင့် အညီ ဖွံ့ဖြိုးမှုအထောက်အပံ့များပေးအပ်ရေး အစီ အစဉ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံဘက်က အဆိုပါစီမံကိန်းအား ဆောလျင်စွာ ပြီးစီးရန်    မျှော်လင့်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ၂၄-၆-၂၀၂၀ ရက်တွင် ဗဟိုအစိုးရထံ    စာရေးသားတင်ပြခဲ့ ကြောင်း၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ ဗဟို တရားလွှတ်တော်ချုပ်သို့ လျှောက်ထားတင်ပြရာ တွင် မဏိပူရ်ပြည်နယ် တရားရုံး၌ အမှုကြန့်ကြာ လျက်ရှိခြင်းက      အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအပေါ် ထိခိုက်မှု ရှိလာနိုင်ပြီး   နိုင်ငံဖြတ်ကျော်၍  ဆက်သွယ်မှု ကွန်ရက်   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အိန္ဒိယနိုင်ငံ၏ ပုံရိပ်ကိုလည်း ကျဆင်းစေနိုင်သည်ဟုဖော်ပြခဲ့ကြောင်း၊ ယခုအမှု အား တရား လွှတ်တော်၌ ကြားနာစစ်ဆေးရာတွင် အိန္ဒိယအစိုးရဘက်က ရှေ့နေချုပ် Mr. KK Venu-gopal  ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်းဖြင့် Hin-dustan Timesသတင်းဌာနက ရေးသားဖော်ပြသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့