Main menu

Background

စင်ကာပူနိုင်ငံသို့ ဝင်ရောက်လာမည့်နိုင်ငံခြားခရီးသည်များအတွက် ကိုဗစ် ၁၉ နှင့်ဆက်စပ်သောအာမခံအစီအစဉ်များ စတင်မိတ်ဆက်

Thu, 11/19/2020 - 11:59 -- journal_editor

စင်ကာပူသို့ ဝင်ရောက်လာသောကမ္ဘာလည့်ခရီးသည်များအနေဖြင့် ကိုဗစ် ၁၉ ရောဂါနှင့် ဆက်စပ်၍ စင်ကာပူတွင် ကုန်ကျသောစရိတ်များအား ကာမိစေမည့် ခရီးသွားအာမခံအစီအစဉ်များ ကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board – STB) နှင့် ချန်ဂီလေဆိပ်လုပ်ငန်းအုပ်စု (Changi Airport Group - CAG) တို့က ၁၈ - ၁၁ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

          ကျန်းမာရေးလုံခြုံစိတ်ချမှုရှိစေရန် စီမံဆောင်ရွက်ထားသော "Safe Travel Lanes" အစီအစဉ်အမျိုးမျိုးဖြင့် စင်ကာပူသို့ ဝင်ရောက်လာကြသည့် နိုင်ငံခြားခရီးသည်များသည် စင်ကာပူ သို့ ရောက်ရှိနေစဉ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရကြောင်း သံသယရှိလျှင်သော် လည်းကောင်း၊ ဆေးဝါးကုသမှုလိုအပ်လျှင်သော်လည်းကောင်း ရောဂါစစ်ဆေးမှု၊ ဆေးဝါးကုသမှု နှင့် သီးသန့်နေထိုင်ရသောစရိတ်များအတွက် ကုန်ကျစရိတ်အားလုံးကို ကျခံရပါကြောင်း၊ ခရီးသည်များအနေဖြင့် ယခုအခါ အာမခံအစီအစဉ်များကိုဝယ်ယူပါက ကိုဗစ် ၁၉ နှင့်ဆက်စပ်သော ကုန်ကျစရိတ်အချို့ကို ကာမိစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ဤအာမခံအစီအစဉ်သည် စင်ကာပူသို့ ခရီးသည်ဝင်ရောက်မှုများ ပြန်လည်ခွင့်ပြုပေး နေသည့်အစီအမံများကို အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် အဓိကကျသည့် အချက် တစ်ခုဖြစ်သည်ကို လက်ခံသိရှိခဲ့ကြသည့်အတွက် CAG ၊ STB နှင့် အထွေထွေအာမခံလုပ်ငန်းအသင်း (GIA) တို့သည် အဆိုပါအာမခံအစီအစဉ်များကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Expression of Interest - EOI ဖိတ်ခေါ်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ AIG Asia Pacific Insurance Pte. Ltd ၊ Chubb Insurance Singapore Limited နှင့် AIG Asia Pacific Insurance Pte. Ltd စသည့် အာမခံကုမ္ပဏီ (၃) ခုသည် ကိုဗစ် ၁၉ ကြောင့် ဆေးဝါးကုသမှုနှင့် ဆေးရုံစရိတ်များကို ကာမိစေမည့် အနည်းဆုံး စင်ကာပူဒေါ်လာ ၃၀,၀၀၀ ခံစားခွင့်ရှိသော အာမခံအစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ စင်ကာပူဒေါ်လာ ၃၀,၀၀၀ အနည်းဆုံးသတ်မှတ်ချက်မှာ စင်ကာပူသို့ ဝင်ရောက် လာသူများက ကိုဗစ် ၁၉ ရောဂါအတွက် ကုသမှုခံယူရသော ပုဂ္ဂလိကဆေးရုံးများတွင် ကုန်ကျလေ့ ရှိသည့်စရိတ်များကိုအခြေခံ၍ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုချက်ပေးထားသည့်နှုန်းထား ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

          စင်ကာပူသည် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို တဖြည်းဖြည်း ပြန်လည်ခွင့်ပြုနေပြီ ဖြစ်သောကြောင့် ခရီးသွားအာမခံအစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လမှစ၍ အာမခံလုပ်ငန်းများနှင့် အနီးကပ်ချိတ်ဆက်မှုများဆောင်ရွက်ခဲ့ပြီး၊ စျေးကွက် အတွင်း၌ အဆိုပါအာမခံအစီအစဉ်များမရှိသည့်အတွက် သင့်တော်သောစျေးနှုန်းဖြင့် ခရီးသွားလာသူ များကို ဝန်ဆောင်မှုပေးနိုင်စေရန် အာမခံလုပ်ငန်းများကို တိုက်တွန်းခဲ့ပါကြောင်း CAG ၏ အမှုဆောင် အရာရှိချုပ် Mr Lee Seow Hiang က ပြောကြားခဲ့ပါသည်။

          ယခုကဲ့သို့ ကိုဗစ် ၁၉ နှင့်ဆက်စပ်သောအာမခံအစီအစဉ်သည် ခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရန်နှင့် စိတ်သက်သာမှုပေးနိုင်ရန် အဓိကကျပါကြောင်း၊ ဤသို့ ဆောင်ရွက် နိုင်ခဲ့ခြင်းမှာ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း၊ စင်ကာပူအား လုံခြုံမှုရှိသော၊ ယုံကြည်စိတ်ချရသော၊ တီထွင်ဆန်းသစ်မှုကောင်းမွန်သောနေရာတစ်ခုအဖြစ် ရပ်တည် နေနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း  STB ၏ အမှုဆောင်အရာရှိချုပ် Mr Keith Tan က ပြောကြားခဲ့ပါသည်။  

          အာမခံအစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီ (၃) ခုအနက် AIG Asia Pacific Insurance Pte. Ltd နှင့် AIG Asia Pacific Insurance Pte. Ltd တို့မှာ အာမခံအစီအစဉ်များကို စတင်ကမ်းလှမ်းနေပြီဖြစ်ပြီး၊ Chubb Insurance Singapore Limited သည် ၂၇ - ၁၁ - ၂၀၂၀ ရက်မှ စတင်၍ အာမခံအစီအစဉ်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အာမခံအစီအစဉ်များ အား ဝယ်ယူနိုင်မည့်နှုန်းထားများမှာ ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်အပါအဝင် စင်ကာပူဒေါ်လာ ၅.၃၅ မှစတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့