Main menu

Background

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) တွင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

Thu, 11/19/2020 - 15:37 -- journal_editor

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP ) သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် စတုတ္တအကြိမ်မြောက် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၌အာရှ-ပစိဖိတ်ဒေသရှိ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် Mr. YoshihideSuga အနေဖြင့် RCEPစေ့စပ်ညှိနှိုင်းမှုအရ လွပ်လပ်၍ တရားမျှတသည့် စီးပွားရေးဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးစနစ်ခိုင်မာစေရေး ထိန်းသိမ်းဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံသည် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကြောင့် ကမ္ဘာ့စီးပွားရေး နှေးကွေးနေချိန်တွင် လွတ်လပ်သည့် ကုန်သွယ်ရေးကို မြှင့်တင်ဆောင်ရွက်ရန် အရေးကြီးသည့်အတွက် ဂျပန်နိုင်ငံအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကြီးထွားလာသဖြင့် လွတ်လပ်သောကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်မည့် RCEP သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် ဂျပန်နိုင်ငံသည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နိုင်ဖွယ်ရာရှိသည်ဟု သုတေသီများ၏ သုံးသပ်ချက်အရ သိရသည်။

အဆိုပါသဘောတူညီချက်ချုပ်ဆိုရေး စေ့စပ်ညှိနှိုင်းစဉ် အိန္ဒိယနိုင်ငံမှ အဆိုပြုခဲ့သည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းရာတွင် သဘောတူညီမှု မရရှိခဲ့ခြင်းနှင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိလာနိုင်ခြင်းစသည့် စိုးရိမ်မှုများကြောင့် RCEPစေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယနိုင်ငံက ပါဝင်ခြင်းမပြုတော့ကြောင်းကြေညာခဲ့ပါသည်။RCEP သဘောတူစာချုပ်တွင် အိန္ဒိယနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိစေကာမူ တရုတ်နိုင်ငံ၏ ပါဝင်မှုသည် အောင်မြင်မှုတစ်ခုအဖြစ် ဂျပန်နိုင်ငံအစိုးရက ယူဆပါကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံအား RCEP စေ့စပ်ညှိနှိုင်းမှုတွင် ပြန်လည်ပါဝင်စေရန် ကြိုးပမ်းမှုသည် ဂျပန်နိုင်ငံအတွက် စိန်ခေါ်မှု တစ်ရပ်သဖွယ်ဖြစ်လာနိုင်ကြောင်း သုတေသီများက ထောက်ပြပြောကြားခဲ့သည်။

         နန္ဒာဝင်း

    (စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ တိုကျိုမြို့