Main menu

Background

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်သတိပေးချက်ကို အဆင့် ၄ အထိ တိုးမြှင့် သတ်မှတ်နိုင်ဖွယ်ရာရှိကြောင်းသိရ

Thu, 11/19/2020 - 15:38 -- journal_editor

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် မြို့တော်အတွင်း ယခုသီတင်းပတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအရေအတွက် ပြန်လည်မြင့်တက်လာသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေး ချက်အဆင့် ၄ ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေငြာနိုင်ရေးအတွက် ကူးစက်မှုဆိုင်ရာ ပညာရှင်များနှင့် ဆေးပညာရှင်များအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၁၈ ရက်နေ့အတွင်း ကူးစက်မှုဦးရေ ၃၀၀ ကျော်မှ ၄၀၀ ကျော်ထိ ရှိလာခဲ့ပါကြောင်း၊ ကူးစက်မှုလမ်းကြောင်း ခြေရာခံနိုင်ခြင်းမရှိသည့် ကူးစက်မှုများ ပိုမိုမြင့်တက်လာသည့်အတွက် မြို့တော်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စားသောက် ဆိုင်များ၊ ယမကာဆိုင်များကို ပုံမှန်ဖွင့်လှစ်နေသည့် အချိန်အတိုင်းအတာထက်လျော့ချ၍ ဆိုင်ဖွင့် ချိန်ကို ပြင်ဆင်သတ်မှတ်ရန် အဆိုပြုမှုများ ဆောင်ရွက်ရန်သင့်/မသင့်အပေါ် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြောင်း သိရပါသည်။

ဂျပန်နိုင်ငံ၊ ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးနှင့် စီးပွားရေးပြန်လည်အားကောင်းလာစေရေးဝန်ကြီး Mr. Nishimura Yasutoshi သည် Keizai Doyukai ဟုခေါ်ဆိုသည့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်ကြီးများအသင်း၏ အကြီးအကဲ  Mr. Sakurada Kengo နှင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် Videoconference အစည်းအဝေးပြုလုပ်ခဲ့ပြီး လက်ရှိမြင့်တက်လာသည့်ကူးစက်မှုများနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများသည် အလုံပိတ်ဧည့်ခန်းများ ရုံးခန်းများနှင့် ဆေးလိပ်သောက်ခန်းများတွင် နှာခေါင်းစည်းမတပ်ဘဲ စကားပြောခြင်းများပြုလုပ်နေကြသဖြင့် လုပ်ငန်းခွင်နေရာများ၌ အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကို နေအိမ်မှ အလုပ်လုပ်စေရေး တွန်းအားပေးဆောင်ရွက်ကြရန်၊ အလုပ်သွားချိန်နှင့် အလုပ်ဆင်းချိန်များကို အချိန်လွှဲသတ်မှတ်ပေးရန်နှင့် ယခုနိုဝင်ဘာလကို “နေအိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်သည့်လတစ်လ” အဖြစ်သတ်မှတ်၍ “Work From Home” စနစ်ကို ကျင့်သုံးဆောင်ရွက်မှု မပြုလုပ်သေးသည့် ကုမ္ပဏီများကို စတင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

လက်ရှိ ဂျပန်နိုင်ငံ၌ စားသောက်ဆိုင်များနှင့် အခြားသော အစားအစာ စားသုံးရာနေရာများတွင် ကူးစက်မှုများ အမြင့်မားဆုံးဖြစ်ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာများနှင့် လူမှုဖူလုံရေးအဆောက်အအုံများ၊ ကုမ္ပဏီများနှင့် အစိုးရရုံးဌာနများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စာသင်ကျောင်းများတွင်လည်း ကူးစက်မှုများ ရှိနေကြောင်း သိရပါသည်။

       နန္ဒာဝင်း

    (စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ တိုကျိုမြို့