Main menu

Background

“Go To Eat Campaign” အစီအစဉ်ကို ကန့်သတ်ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ် စီစဉ်နေကြောင်းသိရ

Thu, 11/19/2020 - 15:39 -- journal_editor

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားမှုများ ပြန်လည်မြင့်တက်လာသည့် အတွက် စီးပွားရေးလုပ်ငန်းများပြန်လည်ရှင်သန်လာရေး ပံ့ပိုးပေးနေသည့် ငွေကြေးသုံးစွဲမှုများ၏ တစ်စိတ်တစ်ဒေသကို ကန့်သတ်ဆောင်ရွက်ရန် စီစဉ်နေကြောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စဆိုင်ရာ အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် Mr. Suga Yoshihide က ပြောကြားခဲ့ပါသည်။

နေ့စဉ် ကူးစက်သူအရေအတွက် စံချိန်တင်များပြားလာမှုကြောင့် အစိုးရအနေဖြင့် ဗိုင်းရပ်စ် တားဆီးကာကွယ်ရေး၊ ဗိုင်းရပ်စ်စစ်ဆေးမှုတိုးမြှင့်ရေးနှင့် ကုသရေးတို့အတွက် လိုအပ်သည့် နယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များ ပိုမိုစေလွှတ်ဆောင်ရွက်နိုင်ရေး အရှိအဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူမှုရေးနှင့် စီးပွားရေးဆောင်ရွက်ချက်များကို ယှဉ်တွဲဖော်ဆောင် နိုင်မည့် ထိရောက်သော ဗိုင်းရပ်စ်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လိုအပ် ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ 

ဗိုင်းရပ်စ်ပိုးကူးစက်မှုများပြားလာသည့် နေရာဒေသများရှိ လုပ်ငန်းလည်ပတ်မှုကန့်သတ် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများကို ဒေသန္တရအစိုးရအဖွဲ့များက ထောက်ပံ့ကြေးများ ပေးနိုင်ရေးအတွက် အစိုးရအနေဖြင့် အဆိုပါ ဒေသန္တရအစိုးရများထံ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့်ရှိ ရန်ပုံငွေကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းရှိ စားသောက်ဆိုင်များ  လုပ်ငန်းပြန်လည် ရှင်သန်နိုင်ရေးအတွက် လှုံ့ဆော်သည့် အစီအစဉ်တစ်ခု ဖြစ်သည့် “Go To Eat Campaign” အကောင်အထည်ဖော်ရာတွင် ကူးစက်မှုများ မြင့်မားလာ သည့်နေရာဒေသများ၌ တစ်စိတ်တစ်ဒေသ ကန့်သတ်ရန်၊ မိသားစုဝင်များအပါအဝင် လူ ၅ ဦးထက် ပို၍ အုပ်စုလိုက် စားသောက်မှုပုံစံမျိုးကို အဆိုပါ Campaign မှ ဖယ်ထုတ်ရန်နှင့် ဒေသန္တရအစိုးရ အဖွဲ့များသည်လည်း ချမှတ်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေးမူဝါဒများနှင့်အညီ အနီးကပ်ကြီးကြပ် ညှိနှိုင်းဆောင်ရွက်ကြရန် Mr. Suga က ညွှန်ကြားခဲ့ပါသည်။

        နန္ဒာဝင်း

    (စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ တိုကျိုမြို့