အိန္ဒိယနိုင်ငံ၊ တမီနာဒူပြည်နယ်၊ ချန်နိုင်းမြို့အခြေစိုက် လက်ရှမီးဗီလာဘဏ်လီမိတက် (Lakshmi Vilas Bank) သည်လွန်ခဲ့သော ၃ နှစ်ကာလမှစတင်၍ လုပ်ငန်း၌ ဆုံးရှုံးမှုများ အစဉ်တစိုက် ဖြစ်ပေါ်ခြင်း၊ မဟာဗျူဟာကျလုပ်ငန်းစီမံချက်မရှိသကဲ့သို့ကာလတိုချေးငွေများ ထုတ်ချေးပေးနိုင်မှုကျဆင်းလျက်ရှိပြီး NPAs ခေါ် ငွေဖြစ်လွယ်ရန်ခက်ခဲသည့် ရပိုင်ခွင့်များ ပိုမိုလာခြင်း၊ ဘဏ်အပ်နှံငွေများအား ပြန်လည်ထုတ်ယူမှု စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိပြီး ဘဏ်၏ငွေဖြစ်လွယ်မှု အခြေအနေမှာ နိမ့်ကျလျက်ရှိခြင်း၊ လက်ငင်းပေးရန်တာဝန်များ နှုတ်ပယ်ပြီးကျန်ရှိသည့် အသားတင်ရပိုင်ခွင့် (Net worth) များမှာအနှုတ်လက္ခဏာပြလျက်ပြီး ဆုံးရှုံးမှုများ ထပ်မံဖြစ်ပေါ်လာနိုင်ချေရှိသော်လည်းဤအခြေအနေအား ဖြေရှင်းရန် လုံလောက် သော ငွေလုံးငွေရင်းဖြည့်ဆည်းမှုကို ဆောင်ရွက်နိုင်စွမ်းမရှိခြင်းစသည်တို့ကြောင့် ၁၉၄၉ ခုနှစ် ဘဏ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ၄၅ အရ ငွေကြေးအပ်နှံသူများနှင့် အများပြည်သူတို့၏အကျိုးငှာ အဆိုပါဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ယနေ့မှစ၍ ရက်ပေါင်း ၃၀ အထိ ယာယီ ကန့်သတ်ဆိုင်းငံ့မှု (Moratorium) အောက်၌ထားရှိမည်ဖြစ်ကြောင်းဖြင့် အိန္ဒိယ ဗဟိုဘဏ် (RBI) က ၁၇-၁၁-၂၀၂၀ နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်၏ တင်ပြလာမှုအရအိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် လက်ရှမီးဗီလာဘဏ် ၏ လုပ်ငန်းဆောင်ရွက်မှုများအား ကန့်သတ်ဆိုင်းငံ့သည့် အမိန့်ကြော်ငြာစာအမှတ် S.O.4127(E) ကို ၁၇-၁၁-၂၀၂၀ နေ့တွင် ထုတ်ပြန်ရာတွင်ငွေစာရင်းဖွင့်လှစ်အပ်နှံထား ရှိသူများ အား ဆိုင်းငံ့ထားသည့်ကာလအတွင်း ၎င်းဘဏ်၌ငွေစာရင်းမည်မျှရှိသည်ဖြစ်စေ ရူပီးငွေ ၂၅၀၀၀ အထိသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ သို့ရာတွင်ဆေးကုသမှု၊ အဆင့်မြင့်ပညာ သင်ကြားမှု၊ လက်ထပ်မင်္ဂလာပွဲကဲ့သို့မဖြစ်မနေဆောင်ရွက်ရန်ရှိသည့်ကိစ္စနှင့် အခြားမလွှဲ ရှောင်သာသည့် အရေးပေါ်ကိစ္စရပ်များအတွက် ဗဟိုဘဏ်၏ အထူးခွင့်ပြုချက်ဖြင့် ရူပီးငွေ အများဆုံးပမာဏ ၅ သိန်းအထိကို ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယဗဟိုဘဏ်သည် ကန့်သတ်ဆိုင်းငံ့ကာလအတွင်းပြန်လည်ဆယ်တင်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် လက်ရှမီးဗီလာဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နေရာတွင်ယခင် ကCanara Bank ၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ Mr. TN Manoharan ဦးဆောင်သည့် ဒါရိုက်တာဘုတ်အဖွဲ့ဖြင့်အစားထိုးတာဝန်ပေးအပ်ကြောင်း အမိန့်ကြော်ငြာစာ နှင့် အဆိုပါ ဘဏ်အား ငွေကြေးအကျပ်အတည်းမှ ဆယ်တင်ရန်အတွက် စင်ကာပူနိုင်ငံရှိ DBS Bank ၏ လက်အောက်ခံ လုပ်ငန်းခွဲဖြစ်သော DBS Bank India Ltd(DBIL) နှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မူကြမ်းတို့ကို ၁၇-၁၁-၂၀၂၀ နေ့တွင်ပင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်မူကြမ်း၌ ဖော်ပြချက်အရ DBIL သည် လက်ရှမီးဗီလာဘဏ်၏ မတည် ရင်းနှီးငွေ၌ ရူပီးကုဋေ ၂၅၀၀ ထည့်ဝင်ရင်းနှီးမြှုပ်နှံလျက် ပေါင်းစည်းထားသည့် ဘဏ်လုပ်ငန်း ၏ Capital Adequacy Ratio ခေါ် အရေးပေါ်အခြေအနေအတွက် ငွေကြေးပမာဏလုံလောက်မှု အချိုးကို ၁၂.၅၁% ရရှိစေမည်ဖြစ်ကြောင်း၊ ထိုသို့ ဘဏ်လုပ်ငန်းပူးပေါင်းသည့် အစီအစဉ်သည် ယေဘုယျအားဖြင့် လက်ရှမီးဗီလာဘဏ်မှ ငွေချေးစာချုပ် (Bonds) များအား ဝယ်ယူထားသော မြီရှင်များနှင့် ငွေစာရင်းဖွင့်လှစ်အပ်နှံထားသူများအတွက် ၎င်းတို့၏ ထည့်ဝင်အပ်နှံငွေများကို ပြန်လည်ရရှိစေမည်ဖြစ်ကြောင်း၊ ၎င်းအစီအစဉ်အား စတင်သည့်အချိန်မှစ၍ လက်ရှမီးဗီလာ ဘဏ်၏ကော်ပိုရိတ်စာရင်းရှင်းတမ်းပါ ရရန်/ပေးရန် လက်ကျန်ငွေစာရင်းများ၊ ငွေသား အပြည့်အဝပေးသွင်းပြီးဖြစ်သည့် အစုရှယ်ယာ (Paid up share) များနှင့်ပရီမီယမ် အစုရှယ်ယာများ အပါအဝင် အီကွီတီရှယ်ယာများ အားလုံးကို စာရင်းပယ်ဖျက်မည်ဖြစ်ကြောင်း၊ စတော့အိတ်ချိန်း များ၌ စာရင်းတင်ထားသည့် ရှယ်ယာများနှင့် ဒီဘင်ချာငွေချေးလက်မှတ် များကိုလည်း စတော့ ဈေးကွက်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှမီးဗီလာဘဏ်အား DBIL ဘဏ်နှင့် ပူးပေါင်းမည့် အိန္ဒိယဗဟိုဘဏ်၏ အစီအစဉ် သည် ပြည်တွင်း၌ ဘဏ်ခွဲ ၃၃ ခုသာ ဖွင့်လှစ်ထားရှိသည့် DBIL အတွက် လက်ရှမီးဗီလာ ဘဏ်၏ လက်ရှိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ခွဲ ၅၆၃ ခုမှတစ်ဆင့် အထူးသဖြင့် အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသများ၌လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်သည်။ ထိုသို့ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းပူးပေါင်းရေး အစီအစဉ်မူကြမ်းအား ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များ၌ လက်ရှမီးဗီလာ ဘဏ်၏ အစုရှယ်ယာဈေးနှုန်းမှာ ၂၀% ခန့်စီ ကျဆင်းလျက် အစုရှယ်ယာ တစ်စုလျှင် ၁၀ ရူပီးနှုန်းသို့ ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာလက်ရှမီးဗီလာဘဏ်၌ ရင်းနှီးမြှုပ်နှံထားသည့် ပြည်တွင်းရှိ အစုရှယ်ယာရှင်များက DBIL ဘဏ်နှင့် ပူးပေါင်း၍ ငွေကြေးအကျပ်အတည်း ဖြေရှင်းမည့် နည်းလမ်းကို ပြန်လည်စဉ်းစား သုံးသပ်ရန် အိန္ဒိယဗဟိုဘဏ်သို့ တောင်းဆို လျက်ရှိသည်။
တမီနာဒူပြည်နယ်၊ Karur ဒေသတွင် ၁၉၂၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော လက်ရှမီးဗီလာဘဏ်၏ လုပ်ငန်းများ ကျဆင်းလာသည့် ကာလအတွင်း ၂၀၁၉ ခုနှစ် နှောင်းပိုင်း၌ ၎င်း၏ အစုရှယ်ယာဝင် ဘဏ်မဟုတ်သော ငွေကြေးလုပ်ငန်းတစ်ခုဖြစ်သည့် Indiabulls Housing Finance Ltd နှင့် Clix Capital Ltd တို့က ပြန်လည်ထူထောင်ရေး ပူးပေါင်း ဆောင်ရွက်မည့် အစီအမံများကို အဆိုပြုခဲ့ကြသော်လည်း ခိုင်မာအားကောင်းမှု မရှိသဖြင့် ဗဟိုဘဏ်က လက်မခံပဲ ပယ်ချခဲ့သည်။
အိန္ဒိယ သတင်းဌာနများ၏ ဖော်ပြချက်အရ လက်ရှမီးဗီလာဘဏ်၏ အပ်နှံငွေစာရင်း တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ ရူပီးငွေ ၂၇၈၆၄ ကုဋေရှိရာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တွင် ၂၀၉၇၃ ကုဋေသို့ လျော့ကျခဲ့ကြောင်း၊ အလားတူ ကာလတိုချေးငွေမှာ ရူပီးငွေ ၁၉၂၅၁ ကုဋေမှ ၁၆၆၂၂ ကုဋေသို့ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၌ ငွေဖြစ်လွယ်ရန် ခက်ခဲသည့် ရပိုင်ခွင့် စုစုပေါင်းသည် ၂၄.၄၅% သို့ ရောက်ရှိမြင့်တက်လာပြီး အရေးပေါ် အခြေအနေအတွက်ငွေကြေးပမာဏလုံလောက်မှုအချိုး (CAR) အနှုတ် ၂.၈၅% ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိရသည်။
(နေအေးလွင်)
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့