Main menu

Background

ဘရာဇီးနိုင်ငံသည် Mercosul ပြင်ပနိုင်ငံများမှတင်သွင်းသည့် သီးနှံသွင်းကုန်ပစ္စည်းများအပေါ် တွင် အကောက်ခွန်နှုန်းထား ၀ % သို့ လျှော့ချကောက်ခံမှုများကြောင့် ဂျုံကုန်ကြမ်း အဓိကတင်ပို့နေသည့်အာဂျင်တီးနားနိုင်ငံမှပို့ကုန်လုပ်ငန်းရှင်များ၏ကန့်ကွက်မှုများမြင့်တက်နေ

Fri, 11/20/2020 - 11:28 -- journal_editor

ဘရာဇီးနိုင်ငံသည် အခြားနိုင်ငံများမှ သွင်းကုန်များအပေါ် တင်သွင်းခွင့်ပမာဏ(quota) သတ်မှတ်၍  အကောက်ခွန်နှုန်း ၀% ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိရာ သွင်းကုန်ဈေးကွက် များတွင် ဂျုံမှုန့်ပြတ်လပ်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများမှ ဂျုံတင်သွင်းမှုများအပေါ် သွင်းကုန်ပမာဏ(quota)ပိုမိုတိုးမြှင့်သတ်မှတ်ပေးရန် ပြည်တွင်းဂျုံစက်လုပ်ငန်းရှင်များက တောင်းဆိုလျက်ရှိသည်။ အာဂျင်တီးနားနိုင်ငံကမူ နိုင်ငံအတွင်း ဂျုံမှုန့်ပြတ်လပ်မှု ရှိနိုင်ချေအပေါ် ငြင်းဆိုထားသည်။

ဘရာဇီးသမ္မတ Jair Bolsonaro အစိုးရအနေဖြင့် လက်တင်အမေရိက အဖွဲ့ဝင်နိုင်ငံများ (Mercosur)ပြင်ပရှိ အခြားနိုင်ငံများ၏ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထားအား ၀ % သို့ လျှော့ချကောက်ခံ ခဲ့သဖြင့် ပို့ကုန်ဈေးကွက်ဝေစုဆုံးရှုံးနိုင်သည့်အတွက် ဘရာဇီးလ်နိုင်ငံ၏ ဂျုံမှုန့်အဓိကသွင်းကုန်နိုင်ငံဖြစ်သည့် အာဂျင်တီးနားနိုင်ငံက ကန့်ကွက်ခဲ့သည်။ဘရာဇီးနိုင်ငံ၏ အခြားနိုင်ငံများအား သွင်းကုန်အခွန်လျှော့ချကောက်ခံမှုသည် အာဂျင်တီးနားနိုင်ငံ၏ ဂျုံ တင်ပို့နေသည့်ဈေးကွက်ဝေစုရရှိမှုအပေါ် ပြင်းထန်စွာထိခိုက်မှုရှိနိုင်သဖြင့် ကောက်ပဲသီးနှံတင်ပို့သူ များအသင်း(Cereal Exporters Center of Argentina–CEC)က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယခုလစာရင်းများအရ ဘရာဇီးလ်နိုင်ငံသည် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် အခြားနိုင်ငံများမှ ဂျုံမှုန့်တန်ချိန် ၄၅၀,၀၀၀အား Common External Tariff –TEC (Mercosur ပြင်ပနိုင်ငံများမှ တင်သွင်းသဖြင့် ကောက်ခံသည့် အကောက်ခွန်)၁၀% ကို မကောက်ခံဘဲ တင်သွင်းခွင့်ရှိသည်။ လက်ရှိတင်သွင်းထားသည့် ဂျုံမှုန့်တန်ချိန် ၇၅၀,၀၀၀ ကို စားသုံးပြီးနောက် ထပ်မံတိုးမြှင့်တင်သွင်းမည့် သွင်းကုန်ပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန် အထိသာ ယာယီခွင့်ပြုမှုအနေဖြင့် တင်သွင်းနိုင်မည်ဖြစ်ပြီး စုစုပေါင်းတင်သွင်းခွင့်ရှိသည့် ပမာဏ၏ ၈၅% ဖြစ်သည်။

အဆိုပါတင်သွင်းမှုများအားဘရာဇီးလ်ဂျုံစက်လုပ်ငန်းရှင်အသင်း၏ သဘောထား မှတ်ချက်များရယူကာ နိုင်ငံခြားကုန်သွယ်မှုအသင်းချုပ်၊ အထွေထွေအတွင်းရေးမှုးက စီးပွားရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ဘရာဇီးလ်လုပ်ငန်းရှင်များသည် ဘရာဇီးလ်နိုင်ငံ၏ လိုအပ်သောကုန်ကြမ်းသီးနှံပမာဏအား အိမ်နီးချင်းနိုင်ငံများမှ အပြည့်အဝ တင်ပို့နိုင်မှု ရှိ/မရှိအပေါ်တွင် သံသယဖြင့် စောင့်ကြည့်လျက်ရှိသည်။

သွင်းကုန်တင်သွင်းသူများနှင့် ကျွမ်းကျင်ပညာရှင်များ၏ ဈေးကွက်သတင်း အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်ကုန်ဆုံးသည်အထိ ဘရာဇီးလ်နိုင်ငံ၏ ဂျုံလိုအပ်ချက် ပမာဏအပေါ် အာဂျင်တီးနား နိုင်ငံမှပြည့်မီအောင် တင်သွင်းနိုင်မှုရှိ/မရှိအပေါ်တွင် မသေချာမှုများဖြစ် ပေါ်လျက်ရှိနေသည်။ အကြောင်းရင်းမှာ ဘရာဇီးလ်ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် ကမ္ဘာ့ ဈေးကွက်တွင်အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်မှုတို့အပြင် အာဂျင်တီးနားနိုင်ငံ၏ ပို့ကုန်ဈေးကွက်များတိုးချဲ့တင်ပို့မှုများကြောင့်ဘရာဇီးလ်နိုင်ငံသို့တင်သွင်းမည့် သီးနှံဈေးနှုန်း များမြင့်မားမှုနှင့်ကြုံတွေ့ရလျက်ကြောင်း The Brazilian Association of Wheat (Abitrigo)၏ ဥက္ကဌဖြစ်သူ သံအမတ်ကြီး Rubens Barbosa ကပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံအတွက် အဓိကလိုအပ်သည့် သီးနှံကုန်ကြမ်းများ၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း၊ ၎င်းအခြေအနေသည် စိုးရိမ်စရာကောင်းသော ပြည်ပသွင်းကုန်အပေါ် မှီခိုရမှုဖြစ်ကြောင်း ၊ဘရာဇီးလ်နိုင်ငံ၏ အဓိကရိက္ခာဖြစ်သည့် ဂျုံမှုန့်များကိုပင် ပြည်ပတင်သွင်းမှုအပေါ် မှီခိုနေရကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ သီးနှံသွင်းကုန် အားလုံးနီးပါးမှာ အာဂျင်တီးနားနိုင်ငံမှတင်ပို့ခြင်းဖြစ်ကြောင်း၊ အာဂျင်တီးနားနိုင်ငံ၏ ရိက္ခာ သီးနှံထုတ်လုပ်မှုတွင် တစ်စုံတစ်ရာကြောင့် ထိခိုက်ကျဆင်းမှုများရှိလာပါက ဘရာဇီးလ် နိုင်ငံအနေဖြင့် ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့ရနိုင်ကြောင်းကို Barbosa က ထောက်ပြပြောဆို ထားသည်။

ဘရာဇီးလ်နိုင်ငံသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျင်ဂျုံမှုန့်တန်ချိန် ၁၁ သန်းခန့် စားသုံးကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ ၂၀၁၈-၂၀၁၉ ခုနှစ်၏ ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၅.၄ သန်းခန့်ရှိသဖြင့် လိုအပ်သောဂျုံမှုန့်များကို ပြည်ပနိုင်ငံများမှတင်သွင်းခဲ့ရကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်၊ မေလအထိ ဂျုံမှုန့်တင်သွင်းမှုမှာ ၂.၇ သန်းကျော်ရှိပြီး အာဂျင်တီးနားနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်ကုန်ဆုံးပါက ပြည်ပနိုင်ငံများမှ ဂျုံမှုန့်တင်သွင်းမှုသည် တန်ချိန် ၅ သန်းမှ ၆ သန်းကျော်အထိ ရှိမည်ဖြစ်ကြောင်း၊ သီးနှံတင်သွင်းမှုများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းကြောင်း၊ ယခုအခါ အာဂျင်တီးနားနိုင်ငံသည် ဂျုံမှုန့်များအား အခြားဈေးကွက်များသို့ တိုးချဲ့တင်ပို့လျက် ရှိနေသဖြင့် ဘရာဇီးလ်နိုင်ငံ၏ ဂျုံမှုန့်တင်သွင်းမှုအပေါ်တွင် ရိုက်ခတ်မှုများဖြစ်ပေါ်နေကြောင်း Barbosa က ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ် ဂျုံစိုက်ပျိုးထုတ်လုပ်ပိုလျှံမှုမှာ တန်ချိန် ၁၈.၃ သန်း ရှိကြောင်း၊ ၎င်းတို့အနက်တန်ချိန် ၁၄.၉ သန်းအား ဝယ်လက်များသို့ စာချုပ်ချုပ်ဆို ရောင်းချထားပြီးဖြစ်ကြောင်းထုတ်ပြန်ထားသည်။ အာဂျင်တီးနားနိုင်ငံရှိ ဂျုံစက်များကြိတ်ခွဲရန်အတွက် နှစ်စဉ် ဂျုံကုန်ကြမ်းလိုအပ်ချက်သည် တန်ချိန် ၆ သန်းဝန်းကျင်ဖြစ်ရာ ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောအချက်အလက်များအရ ယခုနှစ်တွင်အာဂျင်တီးနားပြည်တွင်းလုပ်ငန်းရှင်များအတွက် ဂျုံကုန်ကြမ်းပြတ်လပ်မည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဂျုံကုန်ကြမ်း ပြတ်လပ်မှုမရှိစေရန် စာချုပ်ဖြင့်‌ရောင်းချထားပြီးသော ဝယ်လက်များနှင့်ပြန်လည် ညှိနှိုင်းမှုများပြုလုပ်ရမည်ဖြစ်ကြောင်း T & F စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာစီးပွား‌ရေးအကြံပေး လုပ်ငန်း မှ Luiz Fernando Pacheco က ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး