Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၌ နေ့စဉ် Coronavirus ကူးစက်မှုနှုန်းအခြေအနေ ပြန်လည်မြင့်တက်လာသဖြင့် ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်းဒေသ၌ Social Distancing အဆင့်အား Level (1.5) သို့ မြှင့်တင်သတ်မှတ်၍ စည်းကမ်းများ ပြန်လည်တင်းကျပ်လျက်ရှိ

Fri, 11/20/2020 - 11:42 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ၌ နေ့စဉ် Coronavirus ကူးစက်မှုနှုန်းလူဉီးရေ(၃၀၀) အထက်သို့ မြင့်တက်လာမှုသည်(၁၉-၁၁-၂၀၂၀) ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ပြန်လည်မြင့်တက်လာလျက်ရှိပြီး၊ နိုင်ငံအတွင်း နေရာအနှံ့အပြားတို့တွင်နေရာကွက်ကြား ရောဂါ ကူးစက်မှုများကမြင့်တက်လျက်ရှိရာ ဆေးရုံများရှိ Intensive Care Unit (ICU)များတွင်လည်း (၇၈) ရာခိုင်နှုန်းအထိနေရာပြည့်လျက်ရှိ၍ လတ်တလော ICU ကုတင်(၁၁၉) ခုသာ အလွတ်ရှိကြောင်း၊ COVID-19ကူးစက်မှု တတိယလှိုင်း (COVID-19 Third Wave) ဖြစ်ပွားမည်ကိုစိုးရိမ်လျက်ရှိကြကြောင်း သိရှိရသည်။

              ကိုရီးယားရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(Korea Disease Control and Prevention Agency-KDCA)၏ထုတ်ပြန်ချက်တွင် (၁၉-၁၁-၂၀၂၀) ရက်နေ့နံနက် (၁၂:၀၀) နာရီ အချိန်အထိ စာရင်းအရ ပြည်တွင်း Coronavirus ကူးစက်မှု (၂၉၃)ဦး၊ ပြင်ပမှကူးစက်မှု (Imported Case) (၅၀)ဦးတို့အပါအဝင် စုစုပေါင်း ကူးစက်ခံရသူ(၃၄၃)ဦးဖြစ်၍ စုစုပေါင်း Coronavirus ကူးစက်ပြီးသူဦးရေ (၂၉,၆၅၄)ဦး နှင့် စုစု‌ပေါင်း ပြန်လည် ကောင်းမွန်ပြီးသူ (၂၆,၀၉၈)ဦး ရှိပြီဖြစ်ကြောင်းသိရှိရပါသည်။ပြည်တွင်းကူးစက်မှု (၂၉၃)ဦးအနက် ဆိုးလ်မြို့တော်၌ (၁၀၇)ဦး၊ ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်းရှိGyeonggi-doဒေသတွင် (၅၉)ဦး နှင့် အင်ချွန်းမြို့တွင် (၁၁) ဦး၊ စုစုပေါင်း ဆိုးလ်မြို့တော်အဝန်းအဝိုင်းဧရိယာအတွင်းတွင်ပင် ကူးစက်ခံရသူ (၁၇၇)ဦး ဖြစ်ကြောင်း သိရှိရသည်။

              COVID-19 ကူးစက်မှုသည် (၁၈-၁၁-၂၀၂၀) ရက်နေ့တွင် (၃၁၃)ဦးရှိခဲ့ပြီး၊ ယင်းသည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လနှောင်းပိုင်းမှစ၍ပထမဆုံးအကြိမ်အဖြစ်(၃၀၀)ကျော်သို့ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ စည်းကမ်း များချမှတ်ထားသော်လည်း ပုဂ္ဂလိကစုရုံးမှုများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာ၊ ဆေးရုံ စသည်တို့တွင် စုဝေးသွားလာမှုများကြောင့် ရောဂါပြန်လည်ကူးစက်နေမှုများက သက်ဆိုင်ရာကျန်းမာရေး တာဝန်ရှိသူအာဏာပိုင် များ၏ စည်းကမ်းထိန်းချုပ်မှုနှင့်ကြိုးပမ်းမှုများကိုအချည်းနှီးဖြစ်စေကြောင်းကျန်းမာရေးအသိုက်အဝန်းမှဝေဖန်လျက်ရှိသည်။ 

              သို့ဖြစ်၍ကိုရီးယားသမ္မတနိုင်ငံအား COVID-19 တတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရေး ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်း(The Greater Seoul)နှင့်Gangwon ပြည်နယ်၏ဒေသအချို့ တို့တွင် (၁၉-၁၁-၂၀၂၀) ရက်နေ့မှစ၍လည်းကောင်း၊ ဆိုးလ်မြို့၏အနောက်ဘက် အင်ချွန်းဒေသ တွင် (၂၃-၁၁-၂၀၂၀) ရက်နေ့မှစ၍လည်းကောင်း၊ Social Distancing အဆင့်အားLevel  (1.5) သို့မြှင့်တင်သတ်မှတ်၍ ရက်သတ္တ(၂)ပတ်တာ စည်းကမ်းများ ပြန်လည်တင်းကျပ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှထုတ်ပြန်ကြေညာထားပါသည်။ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနည်းပါးသောအခြား ဒေသများတွင် Social Distancing အဆင့်အားLevel (1)တွင်ပင်ထားရှိဦး မည်ဖြစ်သော်လည်း ဆိုးလ်မြို့အနီးတစ်ဝိုက်၏ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကလျှင်မြန်နေခြင်းကြောင့် အခြားဒေသများ ကလည်း စိုးရိမ်မှုများမြင့်တက်လျက်ရှိကြသည်။

              Social Distancing Level  (1.5)အဆင့်တွင် အများပြည်သူများ၏ နေ့စဉ် လူနေမှုဘဝ လုပ်ငန်းဆောင်တာဆောင်ရွက်မှုများကို ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုထားဆဲဖြစ်သော်လည်း၊ စီးပွားရေးလုပ်ငန်းများဖြစ်သည့် Bar များ၊ Clubများ၊ စားသောက်ဆိုင်များနှင့် မိုးလုံလေလုံဖျော်ဖြေ ရေးခန်းမများ စသည်တို့တွင် ဝင်ရောက်ခွင့်ကန့်သတ်ခြင်း စားပွဲ၊ ထိုင်ခုံများအကြား သတ်မှတ်အကွာအဝေးများထားခြင်းတို့အပါအဝင် ပိုမိုတင်းကြပ်သော Social Distancing စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါသည်။ Churchများ၌ ဘုရားဝတ်ပြု ဆုတောင်းခြင်းနှင့် Professional Sport Gameအားကစားကိစ္စရပ်များအတွက်မူ အ‌ဆောက်အဉီ၏မူလ ဝင်ဆန့်သော လူဦးရေ၏ (၃၀) ရာခိုင်နှုန်းကိုသာခွင့်ပြုထားကြောင်း သိရှိရသည်။

 

 ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)