Main menu

Background

မကြာမီအကောင်အထည်ဖော်မည့် ကိုရီးယားသမ္မတနိုင်ငံ၏ “International Flight without landing (Flight to nowhere)”အစီအစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များ

Mon, 11/23/2020 - 12:06 -- journal_editor

    ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် ထိခိုက်ရသော လေကြောင်းကဏ္ဍစီးပွားရေးလုပ်ငန်းများနှင့်ခရီးသွားကဏ္ဍအား ပြန်လည်နာလန်ထူဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာ လေကြောင်းလိုင်းများအား ဆင်းသက်ခြင်းမရှိဘဲ ပျံသန်းခွင့်ပြုမည့် “International Flight without landing (Flight to nowhere)” အစီအစဉ်ကို ခရီးသွားပုံစံအသစ်အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မစ္စတာဟောင်နမ်ကီက ၁၉-၁၁-၂၀၂၀  နေ့ တွင် စီးပွားရေးရာနှင့်သက်ဆိုင်သည့်ဝန်ကြီးများနှင့်တွေ့ဆုံခဲ့သော အစည်းအဝေး တစ်ခု ၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

            ဤအစီအစဉ်သည် တောင်ကိုရီးယား ပြည်တွင်းလေကြောင်းလိုင်းများကို ခရီးသွားလာမှုမြှင့် တင်‌ရေးလုပ်ငန်းအဖြစ် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသော “Flight to nowhere” အစီအစဉ်နှင့် အလားသဏ္ဍာန်တူညီမည်ဖြစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများကိုပါ နိုင်ငံလေကြောင်းပိုင်နက် အတွင်းသို့ ဆင်းသက်မှုမရှိဘဲ ပျံသန်းခွင့်ပြုမည့် လေကြောင်းကဏ္ဍတိုးတက်ရေးနှင့် ခရီးသွားလာရေး မြှင့်တင်မှုဆိုင်ရာ အစီအစဉ်သစ်တစ်ရပ်ပင် ဖြစ်ပါသည်။ ဤအစီအစဉ်အား အခြားနိုင်ငံတစ်ခုသို့ ဝင်ရောက်ခြင်း၊ ဆင်းသက်ခြင်းမရှိဘဲ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ခရီးသွားလာသူများအနေ ဖြင့်သက်ဆိုင်ရာနိုင်ငံမှ Departure (အထွက်)အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကိုသာ ဆောင် ရွက်ရန်လိုအပ်ပြီး၊ ပုံမှန်ခရီးသွားများကဲ့သို့ပင် အခွန်ကင်းလွတ်ခွင့်ဖြင့် စျေးဝယ်ယူခွင့် (Duty Free Shopping) အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဝယ်ယူနိုင်မည့် ခွင့်ပြုတန်ဖိုးသည် အမေရိ ကန်ဒေါ်လာ (၆၀၀) ဖြစ်ကြောင်း သိရှိရပါသည်။

            အဆိုပါ အစီအစဉ်အားယာယီအားဖြင့် အချိန်ကာလ (၁)နှစ်သတ်မှတ်ထားပြီး၊ ခရီးစဉ်အတွက် ဆောင်ရွက်ရာတွင် Online မှသာ လက်မှတ်ဝယ်ယူစေခြင်း၊  လေယာဉ်စီးနင်းလိုက်ပါရန် လုပ်ငန်းစဉ် များကိုလည်း သတ်မှတ် Social Distancing စည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဤအစီအစဉ်အတွက် လိုအပ်သည့်ညှိ နှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့်ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လေကြောင်း လိုင်းများအကြားဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအကုန်တွင် အသင့်ဖြစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဟောင်နမ်ကီက ပြောကြားခဲ့ပါသည်။ အထင်ကရ လေကြောင်းလိုင်းကြီးများဖြစ်သော The Korean Air ၊ Asiana တို့နှင့်   Jeju Air နှင့် Jin Air တို့ကဲ့သို့ Low-cost Carriers လေကြောင်းလိုင်းများကပါ ဤ “No Landing” အစီအစဉ်အား အကောင် အထည် ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရပါသည်။

            အာရှဒေသ၏ စတုတ္ထစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကြောင့်အဓိကထိခိုက်ခဲ့ရသည့်စီးပွားရေးအား ပြန်လည်နာလန်ထူတိုးတက်စေရေးအတွက် အစိုးရ၏ အခြားသောပံ့ပိုးမှုအစီအစဉ်အနေဖြင့် ဘဏ္ဍာရေး၊ ဆေးပညာ၊ ပညာရေး၊ ဆက်သွယ်ရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်‌ရေး၊ ဒစ်ဂျစ်တယ် ဆိုင်ရာလုပ်ငန်းများ (Digital Contents) နှင့် ပြည်သူ့အုပ်ချုပ်ရေး စသည်တို့ ပါဝင်သည့် အဓိကကဏ္ဍကြီး (၈)ရပ်တို့၌ ကိုရီးယားဝမ် ၁ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ဒသမ၄၃ ဘီလီယံ) ကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်၍ ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဟောင်နမ်ကီ က ကတိကဝတ်ပြုခဲ့ပါသည်။

            အဆိုပါရင်းနှီးမြှုပ်နှံမှု၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ထိတွေ့မှုမရှိစေဘဲ နည်းပညာအသုံးပြု၍ အကောင်အထည်ဖော်နိုင်သော တက်သစ်စ ဒစ်ဂျစ်တယ်ဆိုင်ရာလုပ်ငန်းများဖွံ့ဖြိုးလာစေရေးကို အဓိကထား၍ တက်သစ်စလုပ်ငန်းငယ် Startups (၁၀၀၀) ခန့်အား (၂၀၂၅) ခုနှစ်အထိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ(Research & Development) အတွက် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို သီးခြားဘဏ္ဍာငွေ ပံ့ပိုးပေးမည့် အစီအစဉ်ထားရှိ၍ ကိုရီးယားဝမ် (၉) ထရီလီယံအထိ အသုံးပြုပေးသွား မည်ဟု သိရှိရပါသည်။

            Contactless Technology နှင့်ပတ်သက်၍ဆောင်ရွက်မည့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း (၁၆၀,၀၀၀) အတွက် Special Service Voucher များကို ၂၀၂၁ ခုနှစ်အထိ ပံ့ပိုးပေးသွားမည် ဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် မတည်ငွေ ကိုရီးယားဝမ်(၂၀၀) ဘီလီယံဖြင့် Venture Capital Fund ကိုလည်းထူထောင်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုရီးယားဝမ်၏ ငွေကြေး တန်ဖိုးသည် လက်ရှိတွင် အတန်အသင့် ခိုင်မာလျက်ရှိသဖြင့် ဘဏ္ဍာရေးရာတာဝန်ရှိသူများ အနေဖြင့် ငွေလဲလှယ်မှုစျေးကွက်အခြေအနေကိုလည်း အလွန်အကျွံငွေကြေးမတည်ငြိမ်မှုမဖြစ်စေရေး အမြဲ မပြတ်စောင့်ကြပ်ကြည့်ရှုနေရန်လိုအပ်မည်ဟု ဝန်ကြီးမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

            ပြည်တွင်းငွေလဲလှယ်နှုန်းအနေဖြင့် ၁၈-၁၁-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၁၀၃ ဒသမ ၈ ဝမ်ဖြစ်ပြီး၊ ယခင်နေ့ အပိတ်စျေးနှုန်းထက်၂ ဒသမ ၈ ဝမ် ပိုမိုခိုင်မာလာကြောင်း၊ ၂၉ လအတွင်း အနည်းဆုံးအပိတ်စျေးဖြစ်ကြောင်း၊ သို့ရာတွင် ဝန်ကြီး ဟောင်နမ်ကီ၏ ထို မှတ်ချက်ပေါ်မူတည်၍ ဗုဒ္ဓဟူးနေ့အပိတ်စျေးတွင် ကိုရီးယားဝမ်သည် ၁၁ ဒသမ ၈ ဝမ် တန်ဖိုးပြန်လည် ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကိုရီးယားဝမ် ၁၁၁၅ ဒသမ ၆ နှုန်း ဖြင့် စျေးပိတ်ခဲ့ကြောင်း သတင်းအရထပ်မံ သိရှိရပါသည်။

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Source: The Korea Herald (20-11-2020) / Photo: Internet