Main menu

Background

၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေအပေါ် ကြိုတင်ခန့်မှန်းချက်ထုတ်ပြန်

Mon, 11/23/2020 - 15:00 -- journal_editor

           စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ Enterprise Singapore သည် လက်ရှိဖြစ်ပေါ်တိုးတက်နေသော ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုအခြေအနေတို့အပေါ် သုံးသပ်လျက် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဖြစ်ပေါ်လာနိုင်သည့် စင်ကာပူ၏ ကုန်စည် ကုန်သွယ်မှုနှင့် စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ကုန်များတင်ပို့နိုင်မည့်အခြေအနေတို့အပေါ် ကြိုတင်ခန့်မှန်းချက်ကို ၂၃ - ၁၁ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပါသည်။

          အဆိုပါသတင်းထုတ်ပြန်ချက်တွင် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၀ ခုနှစ်၊ တတိယ (၃)လပတ် (ဇူလိုင်လမှ စက်တင်ဘာလအထိ) အတွင်း၌ မျှော်မှန်းထားသည်ထက် အနည်းငယ်တိုးတက်ခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်း မဟုတ်သောပြည်တွင်းထုတ်ပို့ကုန်တို့သည် ဆက်လက်တိုးတက်ခဲ့ပြီး၊ စက်သုံးဆီကုန်သွယ်မှုမှာ လည်း ကျဆင်းမှုနှေးကွေးခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ဝယ်လိုအားအခြေအနေမှာ ယခင်နှစ်ထက် ကျဆင်းလျက်ရှိခြင်း၊ စက်သုံးဆီစျေးနှုန်းများကျဆင်းမှုနှင့်အတူ စက်သုံးဆီ ကုန်သွယ်မှုနှေးကွေးလျက်ရှိခြင်းတို့ကြောင့် ကုန်သွယ်မှုတစ်ခုလုံးကျဆင်းမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

          ၂၀၂၀ ခုနှစ် ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးတို့အပေါ်  သုံးသပ်ချက်များမှာလည်း နောက်ဆုံးခန့်မှန်းချက်များအရ အနည်းငယ်တိုးတက်လာကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) သည် နိုင်ငံအသီးသီးတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ခွင့်ပြုပေး လျက်ရှိသဖြင့် ကမ္ဘာ့စီးပွားရေးမှာ ၂၀၂၀ ခုနှစ်တွင် ၄ဒသမ၄ ရာခိုင်နှုန်းသာ ကျဆင်းမည်ဟု ၎င်း၏ ယခင်ခန့်မှန်းချက်ထက် အကောင်းမြင်သုံးသပ်ထားကြောင်း၊ စင်ကာပူနိုင်ငံ၏ အဓိကကုန်သွယ် ဘက်များဖြစ်သော တရုတ်၊ အမေရိကန်၊ အီးယူနှင့် ဂျပန် စသည့်နိုင်ငံတို့၏ စီးပွားရေးအခြေအနေ များမှာလည်း ယခင်ခန့်မှန်းချက်များလောက် ကျဆင်းမှုမဖြစ်ပေါ်နိုင်ဟု ပြန်လည်ညှိနှိုင်းသုံးသပ် ထားကြောင်း၊ ကုန်သွယ်မှုပိုင်းအနေဖြင့် ၂၀၂၀ ခုနှစ် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ယခင် အစောပိုင်းခန့်မှန်းချက် ၁၂ဒသမ၉ ရာခိုင်နှုန်း ကျဆင်းနိုင်သည့်အခြေအနေမှ ၉ ဒသမ၂ ရာခိုင်နှုန်းသာ ကျဆင်းနိုင်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ပြန်လည် ခန့်မှန်းချက် ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

          ၂၀၂၀ ခုနှစ် စီးပွားရေးကျဆင်းသောနှစ်နှင့် နှိုင်းယှဉ်ရမည်ဖြစ်၍ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေးမှာ ၅ဒသမ၂ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာမည်ဟု IMF က မျှော်မှန်းထားကြောင်း၊ အမေရိကန်နှင့် အီယူနိုင်ငံများမှာ ၃ဒသမ၁ ရာခိုင်နှုန်းနှင့် ၅ဒသမ၂ ရာခိုင်နှုန်းအသီးသီး စီးပွားရေးတိုးတက် လာနိုင်ပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၃ဒသမ၉ ရာခိုင်နှုန်းခန့်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များမှာ ၆ ရာခိုင်နှုန်းခန့် တိုးတက်လာနိုင်ကြောင်း၊ အလားတူ  ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုသည် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာမည်ဟု WTO က သုံးသပ်ထားကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စက်သုံးဆီ စျေးနှုန်းများ ပိုမိုမြင့်တက် လာနိုင်သည့် အခြေအနေကြောင့် စင်ကာပူ၏ စက်သုံးဆီကုန်သွယ်မှု တိုးတက်လာပြီး ကုန်သွယ်မှုတစ်ခုလုံး မြင့်တက်လာနိုင်ကြောင်း၊ ဤသို့သောအခြေအနေများ အပေါ်ထည့်သွင်းစဉ်းစားသုံးသပ်လျက် ၂၀၂၀ ခုနှစ်တွင် စင်ကာပူ နိုင်ငံ၏ စုစုပေါင်းကုန်စည် ကုန်သွယ်မှုသည် ၇ ရာခိုင်နှုန်းမှ ၇ဒသမ၅ ရာခိုင်နှုန်းဘောင်အတွင်းသာ ကျဆင်းနိုင်ပြီး၊ စက်သုံးဆီ မဟုတ်သော ပြည်တွင်း ထုတ်ပို့ကုန်အခြေအနေမှာ ၄ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းဘောင်အတွင်း တိုးတက်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွက်ခန့်မှန်းရာတွင် စုစုပေါင်းကုန်စည်ကုန်သွယ်မှုမှာ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းဘောင်အတွင်း တိုးတက်မှု ဖြစ်ပေါ်လာနိုင်ပြီး၊ စက်သုံးဆီမဟုတ်သော ပြည်တွင်း ထုတ်ပို့ကုန်အပိုင်းသည် ၀ ရာခိုင်နှုန်းမှာ ၂ ရာခိုင်နှုန်း ဘောင်အတွင်း တိုးတက်လာနိုင် ကြောင်း ခန့်မှန်းချက်ထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ် ။    ။ Enterprise Singapore, Ministry of Trade & Industry, Singapore

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့