Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံရှိ Non-essential shops များက ကြိုတင်ချိန်းဆိုမှုပြု၍ ဝယ်ယူသည့်ပုံစံဖြင့် ရောင်းချလိုကြခြင်း

Tue, 11/24/2020 - 12:34 -- journal_editor

            ဘယ်လ်ဂျီယံနိုင်ငံရှိ မဖြစ်မနေသုံးစွဲရန်မဟုတ်သောကုန်စည်များကို ရောင်းချသည့် ဆိုင်များ (Non-essential shops) သည် ၎င်းတို့၏ လုပ်ငန်းများ ရပ်တည်ရှင်သန်နိုင်ရေးအတွက် ဝယ်ယူသူ များက ချိန်းဆိုမှုပြုလုပ်၍ လာရောက်ဝယ်ယူသည့်ပုံစံကို ခွင့်ပြုစေလိုကြကြောင်း အဆိုပါ လုပ်ငန်း ကဏ္ဍဆိုင်ရာ အသင်းထံမှ သိရသည်။ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူသည့်စနစ် “Click & collect” system သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ရှင်သန် ရပ်တည်နိုင်ရန် လုံလောက်မှုမရှိကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

            ဘယ်လ်ဂျီယံနိုင်ငံအစိုးရမှ အသွားအလာကန့်သတ်မှု အစီအမံများ (lockdown measures) ကိုချမှတ်ထားမှုကြောင့် Non-essential shops များ ပိတ်ထားရသဖြင့်  ၎င်းလုပ်ငန်းများသည် နေ့စဉ်ဝင်ငွေ ယူရို သန်း (၁၀၀) ခန့်ဆုံးရှုံးလျက်ရှိကြကြောင်း ဘယ်လ်ဂျီယံရှိ ကူသန်းရောင်းဝယ်ရေး ဆိုင်ရာအသင်းအဖွဲ့ Comeos ၏ ခန့်မှန်းချက်အရသိရသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ ဒုတိယအကြိမ် အသွားအလာကန့်သတ်မှုကာလဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ  ၁၃ ရက်နေ့အထိ ကာလအတွင်း အဆိုပါဆိုင်များအနေဖြင့် ဝင်ငွေ ယူရို ၄ ဘီလီယံခန့် ဆုံးရှုံးနိုင်ဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ၎င်းလုပ်ငန်းကဏ္ဍရှိ အသင်းများအနေဖြင့် ဈေးဝယ်ယူသူများကို ကြိုတင်ချိန်းဆိုသည့်ပုံစံဖြင့် လက်ခံ၍ ရောင်းချခွင့်ကို အစိုးရပိုင်းမှ ခွင့်ပြုပေးရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။

            ဆောင်းရာသီအရောင်းမြှင့်တင်ရေးကာလ (sales period) သို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်ပြီး၊ မသေချာမရေရာမှုများကြောင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မျှော်လင့်ချက်နည်းပါး သည့်အခြေအနေဖြစ်ပေါ်နေသဖြင့်  ကြိတင်ချိန်းဆိုမှုဖြင့် ဈေးဝယ်ယူမှုကို လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ခွင့်ပြုပေးရန် ဘယ်လ်ဂျီယံနိုင်ငံ၏ လုပ်ငန်းရှင်များအသင်း (Unizo) က အစိုးရကို တိုက်တွန်းထားကြောင်းလည်း သိရသည်။ အဆိုပါဆိုင်များ၏ လည်ပတ်ငွေကြေးမှာ ပုံမှန် အဆင့်အောက်များစွာ နိမ့်ကျနေမည်ဖြစ်သဖြင့် ထပ်ဆောင်းအကူအညီအစီအမံများကို ဆက်လက် ထားရှိရန်လိုအပ်မှုကိုလည်း Unizo က အလေးထားပြောကြားခဲ့သည်။

ရင်းမြစ်  -   (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း(စီးပွားရေးသံမှူး၊ဘရပ်ဆဲလ်မြို့)