Main menu

Background

၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင်များ ဆုံးရှုံးနိုင်ဖွယ်ရှိမှုကို ဘယ်လ်ဂျီယံကုမ္ပဏီများက စိုးရိမ်လျက်ရှိခြင်း

Tue, 11/24/2020 - 12:37 -- journal_editor

      ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ ဘယ်လ်ဂျီယံ နိုင်ငံကုမ္ပဏီများ၏ လည်ပတ်ငွေကြေးဆုံးရှုံးမှုမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး၊ အဆိုပါ အခြေအနေသည့် ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ ကာလထက် ၃ ရာခိုင်နှုန်း ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ (self-employed) များနှင့် အသေးစားလုပ်ငန်းများသည် အသွားအလာကန့်သတ်မှုအစီအမံများ ကြောင့် သိသိသာသာထိခိုက်မှုရှိခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်၏ စာရင်းဇယားများ ကဆိုသည်။ အထူးသဖြင့် ဧည့်ဝန်ဆောင်မှုကဏ္ဍ၊ လက်လီ/လက်ကားကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများ ရှိစီးပွားရေးလုပ်ငန်းများမှာပိုမိုအထိနာကြကြောင်း၊ ကုမ္ပဏီလုပ်ငန်းများ၏ လည်ပတ်ငွေဆုံးရှုံးမှု သည်ပထမအကြိမ်ပြုလုပ်ခဲ့သည့် lockdown ကာလထက် လျော့နည်းခဲ့သော်လည်း ကုမ္ပဏီအများစု က၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြကြောင်း သိရသည်။

            စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီများအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်အတွင်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်ငွေကြေးသည် ပုံမှန်အဆင့်အောက် ၁၂ ရာခိုင်နှုန်း ဆက်လက်လျော့နည်းမည်ဟု မျှော်မှန်းထားကြပြီး၊ ပုဂ္ဂလိကကဏ္ဍ၌ အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက် ၆၀,၀၀၀ အောက်တွင် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ စစ်တမ်းပါကုမ္ပဏီများ၏ ၁၂ ရာခိုင်နှုန်းက မကြာမီကာလအတွင်း ဒေဝါလီခံရနိုင်ခြေရှိမှုကို စိုးရိမ်ကြကြောင်း၊ ၎င်းကုမ္ပဏီများ၏ ၂၉ ရာခိုင်နှုန်းသည် ဧည့်ဝန်ဆောင်မှု ကဏ္ဍ၊ ၂၈ ရာခိုင်နှုန်းမှာ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေကဏ္ဍ၊ ၂၀ ရာခိုင်နှုန်းမှာ ထောက်ပံ့ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ၁၇ ရာခိုင်နှုန်းမှာ စားသောက်ကုန်မဟုတ်သည့် လက်လီပစ္စည်း ကဏ္ဍ တို့မှဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းစတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် e-commerce အပိုင်း၌ သိသိသာသာတိုးတက်လာခဲ့သည်ဟု  ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်အရ သိရသည်။

ရင်းမြစ် -  (vrt NWS flandersnews.be) 

ကျော်စိန်ဝင်း(စီးပွားရေးသံမှူး၊ဘရပ်ဆဲလ်မြို့)