Main menu

Background

ကပ်ရောဂါကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုအပေါ် ရိုက်ခတ်မှုသည် အခြားကဏ္ဍများထက် လျော့နည်းခဲ့ခြင်း

Tue, 11/24/2020 - 12:38 -- journal_editor

            ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်၏ စာရင်းများအရ ဘယ်လ်ဂျီယံနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန် ကုန်သွယ်မှုအပေါ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုသည် အခြားကဏ္ဍများ အပေါ် ရိုက်ခတ်မှုထက် လျော့နည်း သက်သာခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမ (၇) လ အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသမှ လယ်ယာထွက်ပစ္စည်းကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။ အလားတူ ကာလတွင် အခြားပို့ကုန် လုပ်ငန်းကဏ္ဍများ၏ တင်ပို့မှုသည် ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန်တွင် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုဆိုသည်။

            အဆိုပါကာလတွင် ဘယ်လ်ဂျီယံ၏ လယ်ယာထွက်ပို့ကုန်တင်ပို့မှုမှာ ယူရို ၂၂ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး၊ တင်သွင်းမှုမှာ ယူရို ၁၉  ဘီလီယံရှိခဲ့ကြောင်း၊ သို့ရာတွင် လယ်ယာထွက်ပို့ကုန် တင်ပို့မှု၌ အကန့်အသတ်ဖြင့်သာ ထိခိုက် ဆုံးရှုံးမှုရှိခဲ့ရခြင်းမှာ ယခုနှစ်၏ ပထမသုံးလပတ်အတွင်းက တင်ပို့မှုမြင့်မားခဲ့သည့် ကိန်းဂဏန်းများကြောင့်ဖြစ်ကြောင်း၊ ပထမသုံးလပတ်တွင် လယ်ယာထွက် ပို့ကုန်တင်ပို့မှုသည် ၂၀၁၉ ခုနှစ်ကထက် ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ဧပြီလနှင့်မေလတို့တွင် ၉ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်အရ သိရသည်။

            လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လတ်ဆတ်သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊  အေးခဲထားသော ဟင်းသီးဟင်းရွက်များကဲ့သို့သော လယ်ယာထွက်စားသောက်ကုန်များသည် ထိခိုက်မှုအနည်းဆုံးဖြစ်ခဲ့ကြောင်း၊ နို့ထွက်ပစ္စည်းများအပါအဝင် တိရစ္ဆာန်ထွက်ကုန်များသည်လည်း ကပ်ရောဂါ၏ရိုက်ခတ်မှုကိုခံနိုင်ရည်ရှိခဲ့ပြီး၊ ၎င်းကုန်စည်များကုန်သွယ်မှုတွင် ၁ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးသီးနှံများ အထူးသဖြင့် အာလူးကဲ့သို့သော ကုန်စည်များတင်ပို့မှု သည် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကာလတွင် တိုးတက်မှုရှိခဲ့ပြီး၊ ဧပြီလနှင့်မေလတို့တွင် ပြန်လည်ကျဆင်းခဲ့ကြောင်း၊  ယခုနှစ်၏ ပထမ (၇) လအတွင်း စာရင်းဇယားများအရ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကြောင့် ခက်ခဲနေသည့် အခြေအနေတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ လယ်ယာစိုက်ပျိုး ရေးကဏ္ဍသည် အခြားကဏ္ဍများထက် ပိုမိုကောင်းမွန်သည့်အခြေအနေကိုပြသနေကြောင်း သိရပါ သည်။

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း(စီးပွားရေးသံမှူး၊ဘရပ်ဆဲလ်မြို့)