Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၌ နေ့စဉ် Coronavirus ကူးစက်မှုနှုန်း ၅၀၀ ဦးအထက်သို့ မြင့်တက်၍ COVID-19 တတိယလှိုင်းအဖြစ်သို့ရောက်ရှိနိုင်မှုအခြေအနေ တင်ပြခြင်း

Tue, 12/01/2020 - 11:36 -- journal_editor

 ကိုရီးယားသမ္မတနိုင်ငံ၌ ၂၇-၁၁-၂၀၂၀ နေ့၊ နံနက်ပိုင်းစာရင်းအရ နေ့စဉ် Coronavirus ကူးစက်မှုနှုန်း လူဦးရေသည် ၅၆၉ ဦးသို့ရောက်ရှိ၍  ကူးစက်မှုနှုန်းဆက်တိုက် မြင့်တက်လာ လျက်ရှိသည့်အတွက် COVID-19 ကူးစက်မှု တတိယလှိုင်း (COVID-19 Third Wave) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။  ယခင်ရက်သတ္တပတ် အတွင်းက နေ့စဉ်ကူးစက်မှုဦးရေ ၃၀၀ ကျော်ခဲ့သဖြင့် Social Distancing Level  အား (1.5) ဟုသတ်မှတ်ထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ နေ့မှစ၍ Level (2)  အဆင့်သို့ တိုးမြင့် သတ်မှတ်ခဲ့ပြီး၊ လက်ရှိကာလအတွင်းဆောင်ရွက်ရန်စီစဉ်ထားသော အစည်းအဝေးနှင့်အခမ်းအနား အများစုကိုလည်း သက်ဆိုင်ရာမှ ယာယီရွှေ့ဆိုင်းထားလျက်ရှိပါသည်။

              ကိုရီးယားသမ္မတနိုင်ငံအတွင်းနေရာအနှံ့အပြားတို့တွင် နေရာကွက်ကြား ရောဂါကူးစက် မှုများကမြင့်တက်လာလျက်ရှိရာ ဆေးရုံများရှိ Intensive Care Unit (ICU) များတွင်လည်း နေရာ ပြည့်လျက်ရှိပြီး ၂၇-၁၁-၂၀၂၀ နေ့ စာရင်းအရ လတ်တလော ICU ကုတင် ၁၀၀ သာ အလွတ် ရှိကြောင်း၊ ဒေသအလိုက်တွင် ဆိုးလ်မြို့တွင်  ၁၀ ခု၊ ဘူဆန်မြို့တွင်  ၃  ခုနှင့် မြောက်ပိုင်း ဂျိုလာ ပြည်နယ်၊ ဂွမ်ဂျူဒေသတို့တွင် တစ်ခုစီသာ ICU ကုတင် အရံသင့်ရှိတော့ကြောင်း၊ လက်ရှိကာလ အနေအထားကို ထိန်းသိမ်းနိုင်လျှင်အဆင်ပြေနိုင်သေးသော်လည်း မထိန်းသိမ်းနိုင်ဘဲ နောင်နှစ်ပတ် အထိဆက်လက်တိုးမြင့်နေပါက၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းတွင် ICU ပြတ်လပ်မှု ဖြစ်ကာ ဆေးရုံများ၌ အခက်အခဲများ ကြုံတွေ့ရဖွယ်ဖြစ်လာနိုင်ကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ထမ်း အင်အားလည်း လိုအပ်မှုရှိလာမည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Health & Welfare မှ ပြောရေးဆိုခွင့်ရှိသည့် အရာရှိများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

        ဗိုင်းရပ်စ်ကူးစက်မှုများ တိုးမြင့်လာသည်နှင့်အမျှ နေ့စဉ်ကူးစက်မှုဦးရေသည် ၁၀၀၀ ဦး အထိသို့ ရောက်ရှိလာနိုင်ကြောင်း၊ သို့ဖြစ်၍ အစိုးရအနေဖြင့် ICU များလုံလောက်စေရေးနှင့် ICU များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ကျန်းမာရေးဝန်ထမ်းများသို့ သင်တန်းပေးခြင်း တို့ကို ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အသင့်ဖြစ်နေစေရေးအတွက် လျှင်မြန်စွာဆောင်ရွက်သင့် ကြောင်း ကျန်းမာရေးအသိုက်အဝန်းက သုံးသပ်လျက်ရှိပါသည်။ ICU ကုတင်မလုံလောက်မှုသာ မက ကျန်းမာရေးဝန်ထမ်းရှားပါးမှုသည်လည်း COVID-19 ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အကျပ် အတည်းကိုတိုက်ဖျက်ရေးတွင် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်နေ ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးပြောကြားခဲ့ပါသည်။

              ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ (Korea Disease Control and Prevention Agency-KDCA) အနေဖြင့် ယခု ၂၀၂၀ နှစ်ကုန်တွင် ICU ၂၀၀ ကျော် ထပ်မံ ဖြည့်တင်း နိုင်ရေးနှင့် ၂၀၂၁ ခုနှစ်၊ နှစ်ဝက် အတွင်း ICU ၂၅၀ ခန့် ထပ်မံဖြည့်တင်းနိုင်ရေးကို ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

             ဝန်ကြီးချုပ် Chung Sye-kyun က COVID-19 ကူးစက်မှုသည် တတိယလှိုင်းအဖြစ် မြင့်တက်နိုင်ဖွယ်ရာရှိကြောင်း၊ အစိုးရအနေဖြင့် အကောင်းဆုံးစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤအချိန်တွင် ပြည်သူများအနေဖြင့် အစိုးရ၏ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများကို တိကျစွာလိုက်နာလျက် ပူးပေါင်းဆောင်ရွက်ကြရန် အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးအာဏာပိုင်များနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် တာဝန်ရှိသူများကိုလည်း ICU လုံလောက်ရေးကိစ္စအတွက် နီးကပ်စွာချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ ကြောင်းသိရှိရပါသည်။

 ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

ကိုးကား : The Korea Times ၊ Korea Disease Control and Prevention Agency-KDCA