Main menu

Background

ဘရာဇီးလ်နိုင်ငံသည် လာနီညာမုန်တိုင်းကြောင့် မိုးခေါင်သည့်ရာသီဥတုဒဏ်ခံစားရသော်လည်း ပဲပုပ်စေ့သီးနှံတန်ချိန် ၁၂၅ သန်းထွက်ရှိနိုင်ပြီး စံချိန်သစ်အထွက်နှုန်းဖြစ်ရန် မျှော်မှန်း

Wed, 12/02/2020 - 10:41 -- journal_editor

ဘရာဇီးလျား၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၂၇ ရက်

လာနီညာမုန်တိုင်းဒဏ်ကြောင့် မိုးခေါင်မှုဒဏ်ခံစားရသော်လည်း တောင်သူများ၏ စိုက်ပျိုး ဧရိယာများ ပိုမိုတိုးချဲ့စိုက်ပျိုးမှုကြောင့် ဘရာဇီးလ်နိုင်ငံ၏ လာမည့် ၂၀၂၁ ခုနှစ်တွင် ပဲပုပ်စေ့ ထွက်ရှိမှုသည် စံချိန်တင်မြင့်တက်ဖွယ်ရှိသည်။ ခြောက်သွေ့သောရာသီဥတု ဖြစ်ပေါ်မှုသည် ခြောက်နှစ်တာကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့ဈေးနှုန်းကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ဝယ်လိုအား တဟုန်ထိုးတိုးမြင့်လာမှု ကလည်း ပြည်တွင်း လုပ်ငန်းရှင်များအား  ကုန်ကြမ်းဖူလုံမှုနှင့် ဈေးနှုန်းမြင့်တက်မှုများအတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေလျက်ရှိသည်။ သို့ရာတွင် လေ့လာသူများနှင့် တောင်သူအများစုကမူ သီးနှံအထွက်ကောင်းရန်အတွက် စိုက်ခင်းများအားပြုစုရန် အချိန်လုံလောက်စွာရသဖြင့် စိုးရိမ်စရာ မလိုကြောင်း ပြောကြားလျက်ရှိသည်။

စိုက်ပျိုးရေးရာသီချိန်အစ၏ ရာသီဥတုမှာ ပုံမှန်ရာသီဥတုမဟုတ်သော်လည်း ဘရာဇီးလ် နိုင်ငံ၏ ပဲပုပ်စေ့သီးနှံစိုက်ပျိုးမှုသည် ၂၀၁၉-၂၀၂၀ ခုနှစ်ကထက် ပိုမိုထွက်ရှိဖွယ်ရှိနေသည်။ ကမ္ဘာ့ပဲပုပ်စေ့အများဆုံးစိုက်ပျိုးထွက်ရှိမှုသည် တန်ချိန် ၁၂၅ သန်းဖြစ်ကြောင်း AgRural ၏ သုတေသနမှူး Daniele Siqueira က ပြောကြားခဲ့သည်။

ပုံမှန်စိုက်ပျိုးသည့် စိုက်ပျိုးမြေဧရိယာ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းပိုမိုတိုးချဲ့စိုက်ပျိုးမှုနှင့် ထုတ်လုပ်နိုင်မှုများအရ ကုမ္ပဏီသည် တန်ချိန် ၁၃၂ ဒသမ ၂ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ AgRural သည် ပုံမှန်ရာသီဥတုဖြစ်ပေါ်မှု အခြေ အနေများကိုလည်းစောင့်ကြည့်လေ့လာပြီး ရိတ်သိမ်းချိန်တွင် စိုက်ပျိုးထုတ်လုပ်နိုင်မည့် သီးနှံပမာဏကို ခန့်မှန်းတွက်ချက်လျက် ရှိသည်။

သုတေသနပညာရှင်များ၏အဆိုအရ ယခုနှစ်ဒီဇင်ဘာနှင့်ဇန်နဝါရီလအတွင်း မိုးရွာသွန်းမှုအခြေအနေအပေါ်မူတည်၍ သီးနှံအထွက်နှုန်းကို ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်သည်။ စိုက်ပျိုးရာသီနောက်ကျစိုက်ပျိုးမှုကြောင့် သီးနှံ ရိတ်သိမ်းချိန်လည်း နောက်ကျမည်ဖြစ်သည်။ ၎င်းအခြေအနေသည် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့သီးနှံ ဝယ်ယူတင်သွင်းရမည့်အခြေအနေသို့ ပိုမိုဦးတည်စေလျက် ရှိသည်။

သို့ရာတွင် ဖေဖော်ဝါရီနှင့်မတ်လအတွင်း(ပထမလေးလပတ်၏အလယ်)တွင်သာ သီးနှံအမှန်တကယ်အရောင်းအဝယ်ပြုလုပ်ကြကြောင်းကို အမေရိကန်နိုင်ငံ၏သီးနှံတင်ပို့မှုနှင့် ဘရာဇီးလ်နိုင်ငံ၏သီးနှံတင်ပို့မှုအခြေအနေများ အပေါ် လေ့လာသုံးသပ်၍ Archer-Daniel-Midland's Ag Services and Oilseeds division ၏ဥက္ကဌ က ပြောကြားခဲ့သည်။

ပုံမှန်မဟုတ်သောမိုးရွာသွန်းမှုများ

ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏ အနောက်ဘက်ခြမ်းတွင် ပုံမှန်မဟုတ်သောမိုးရွာသွန်း မှုများ ဖြစ်ပေါ်လျက်ရှိပြီး ဘရာဇီးနိုင်ငံ၏တောင်ဘက်ပိုင်းတွင်မူ ခြောက်သွေ့လျက်ရှိသည်။ ရာသီဥတု အခြေအနေမှာပုံမှန်မဟုတ်သည့်အတွက် သီးနှံများပုံမှန်စိုက်ပျိုးချိန်ထက် နောက်ကျလျက်ရှိနေသည်။ ဘရာဇီးလ်နိုင်ငံ၏ အဓိကစိုက်ပျိုးသည့်ဒေသများတွင် ပဲပုပ်စေ့သီးနှံပင်များအတွက် မိုးရေချိန်မလုံလောက်သည့်အခြေအနေနှင့် ရင်ဆိုင်ရနိုင်ဖွယ် ဖြစ်ပေါ်လျက်ရှိ သည်။ ထို့ကြောင့် အချို့တောင်သူများအနေဖြင့် သီးနှံမျိုးများပျက်စီးသွားသဖြင့် ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးရမည် ဖြစ်သည်။

Mato Grosso ထုတ်လုပ်သူများအသင်း (Aprosoja de Mato Grosso)၏ ဥက္ကဌ Antonio Galvan က စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကြီးမားသော ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း၊ သို့ရာ တွင် သီနှံစိုက်ပျိုးထွက်ရှိနိုင်မှုများနှင့် ပတ်သက်၍ ကြိုတင်ပြောဆိုရန်‌အတွက်မူစောလွန်းနေသေးကြောင်း၊ ယခင်နှစ်ရာသီက ပြည်နယ်၏စိုက်ပျိုးထွက်ရှိခဲ့မှုများသည် စံချိန်တင်တိုးတက်ခဲ့သဖြင့် နှိုင်းယှဉ်ပြောဆိုရန် ခက်ခဲ ကြောင်း Galvan က ပြောကြားခဲ့သည်။

Mato Grosso ပြည်နယ်တွင် ပုံမှန်နှင့်ပုံမှန်အောက်သာမိုးရွာသွန်းပါက သီးနှံအထွက်နှုန်း တိုးတက်ရန် အာမခံချက်မရှိကြောင်း၊ အမေရိကန်နိုင်ငံ ချီကာဂိုရှိ AgResource ရုံးခွဲနှင့် ARC Mercosul ဒါရိုက်တာ Alexandre Inácio ၏ ပဲပုပ်စေ့တန်ချိန် ၁၃၀ သန်းအထိ တိုးမြင့်ထွက်ရှိနိုင်ကြောင်း မှန်းဆချက်အပေါ်တွင် ထောက်ပြပြောဆိုခဲ့သည်။

တောင်ပိုင်းတွင်လည်း အလားတူလေ့လာသုံးသပ်မှုများရှိနေသည်။ Rio Grande do Sul  ပြည်နယ်တွင် စိုက်ပျိုးမြေများခြောက်သွေ့မှုကြောင့် ထွန်ယက်စိုက်ပျိုး၍မရဘဲဖြစ်နေသည်။ ထို့အတူ Paraná တွင် ပဲပုပ်စေ့မျိုးများစိုက်ပျိုး ပြီးဖြစ်သော်လည်း ပျိုးပင်များမှာကောင်းစွာ ရှင်သန်ခြင်းမရှိဘဲဖြစ်နေသည်။ ဒီဇင်ဘာဒုတိယပတ်အတွင်း စိုက်ပျိုးခဲ့သော သီးနှံများအနေဖြင့် ရာသီဥတုအခြေအနေကြောင့် ဆုံးရှုံးနိုင်ချေပိုများလျက်ရှိကြောင်း Rio Grande do Sul ရှိ Technical Assistance and Rural Extension Company(Emater-RS) မှ Rogério Mazzardo က ပြောကြားခဲ့သည်။

သို့ရာတွင် လာမည့်ရက်သတ္တပတ်များအတွင်း ရာသီဥတုအခြေအနေများ ယခုထက်ပိုမို ကောင်းမွန်လာပါက တောင်သူများအနေဖြင့် သီးနှံများစတင်ထွန်ယက်စိုက်ပျိုးကြမည် ဖြစ်ကြောင်း  Mazzardo  က ခန့်မှန်းပြောဆိုခဲ့သည်။

ရာသီဥတုခန့်မှန်းချက်များအရ ယခုနှစ်ဒီဇင်ဘာလဒုတိယအပတ်ကုန်ဆုံးသည်အထိ မိုးရွာသွန်းမှုများရှိနေမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလတတိယပတ်မှစတင်၍ ခြောက်သွေ့သောရာသီဥတုဖြစ်ပေါ်နိုင်ဖြစ်ကြောင်း Maryland ပြည်နယ် ရှိ  Maxar မှ အကြီးတန်းစိုက်ပျိုးရေးပညာရှင်ကပြောကြားခဲ့သည်။

လာနီညာမုန်တိုင်းကြောင့် ဒေသတွင်းမိုးရွာသွန်းမှုများလျော့နည်းလာရာ လာမည့် လများ၏ Rio Grande do Sul ပြည်နယ်တွင်ဖြစ်ပေါ်မည့် ရာသီဥတုအခြေအနေမှာ အဆိုး ရွားဆုံးဖြစ်ပေါ်မည့် အလားအလာများရှိနေကြောင်း၊ အဓိကစိုက်ပျိုးရေးဒေသဖြစ်သည့် Mato Grosso အပါအဝင်နိုင်ငံ၏ဒေသအများစုတွင် ယခုအချိန်မှစတင်၍ ပုံမှန်မိုးရေချိန်ရရှိမှသာ သီးနှံများဖြစ်ထွန်းအောင်ရန် အခွင့်အရေးရှိမည်ဖြစ်ကြောင်း Somar Meteorologia မှ မိုးလေဝသ ပညာရှင် Celso Oliveira ကပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံတွင်မူ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများကြောင့် ပဲပုပ်စေ့သီးနှံများ စတင်စိုက်ပျိုးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် မိုးရွာသွန်းမှုမစတင်မီအချိန်အထိ စိုက်ပျိုးမြေများခြောက်သွေ့မှုကြောင့်  ပုံမှန်ထက်စိုက် ပျိုးချိန်နောက်ကျခဲ့ကြောင်းကို ဗျူနိုအေရိစ်ကောက်ပဲသီးနှံရောင်းဝယ်ရေးမှ ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

သတင်းရင်းမြစ်-   Over 125 million tons: Brazil's soybean crop may still be a record despite drought