Main menu

Background

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်နိုင်ရန် Covid-19 “travel pass” Application ကိုအသုံးပြုသွားမည်

Wed, 12/02/2020 - 10:51 -- journal_editor

ခရီးသွားများအနေဖြင့် လေကြောင်းဖြင့်ခရီးသွားလာခြင်းမပြုပီ ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း (သို့မဟုတ်) ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း မြန်ဆန်စွာအတည်ပြုပေးနိုင်မည့် ခရီးသွားလတ်မှတ် (travel pass app) တစ်ခုကို နိုင်ငံတကာလေကြောင်းခရီးသွားလုပ်ငန်းမှ မိတ်ဆက်သွားရန်ရှိကြောင်းသိရသည်။ အဆိုပါ application ကိုလာမည့် ၂၀၂၁ ခုနှစ်အစောပိုင်းတွင်ရရှိနိုင်မည်ဖြစ်ပြီး ၎င်းကိုအသုံးပြုခြင်းဖြင့် နိုင်ငံတကာလေကြောင်း ခရီးသွားလာမှုများကို ပြန်လည်စတင်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်း (International Air Transport Association-IATA) က မျှော်လင့်ထားကြောင်း သိရသည်။  အဆိုပါခရီးသွားလာခွင့် (application) တွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း စစ်ဆေးချက်များ၊ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားများစသည့် ခရီးသွားလာမှုဆိုင်ရာသတင်းအချက်အလက်များကိုပြသပေးနိုင်ပြီး ခရီးသွားလာမည့်သူအနေဖြင့် သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီ မှုရှိ/မရှိကို မြန်မြန်ဆန်ဆန် သိရှိနိုင်မည်ဖြစ်သည်။

အဆိုပါ application အသုံးပြုနိုင်ရေးနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာလေကြောင်း ပို့ဆောင်ရေးအသင်း၏ ရည်မှန်းချက်မှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဓါတ်ခွဲစမ်းသပ်ခန်းများ၊ လေကြောင်းလိုင်းများနှင့် ခရီးသည် များမှ သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်စေရန်နှင့် ပေးပို့လာသည့် အချက်အလက်များကို application သို့ ချိတ်ဆက်သွားနိုင်စေရန် ဖြစ်ကြောင်း၊ ခရီးသည်များ၏ ဗီဇာမှန်ကန်မှုရှိ/မရှိ စစ်ဆေးနိုင်သည့် software ကို IATA က ရေးဆွဲထားပြီးဖြစ်ရာ ယင်း software ကို အသုံးပြု၍ ခရီးသွားလာခွင့် application ကို ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်း၏အဆိုအရ ၎င်း application မှာ အချက်အလက်များကို သိမ်းဆည်းထားခြင်းမရှိဘဲ blockchain နည်းပညာကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ iPhone အသုံးပြုသူများအနေဖြင့် လာမည့်နှစ်၏ ပထမသုံးလပတ်ကာလအတွင်း application ကို စတင်အသုံးပြုနိုင်မည်ဟုမျှော်လင့်ထားကြောင်းနှင့် Android ဖုန်းများအတွက် ဒုတိယသုံးလပတ်ကာလအထိ စောင့်ဆိုင်းရဖွယ်ရှိသည်ဟုဆိုသည်။ IATA အနေဖြင့် လာမည့် ရက်သတ္တပတ်များအတွင်း အဆိုပါ travel pass ကို ၎င်း၏ လေကြောင်းလိုင်းအုပ်စုများနှင့်အတူ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

 ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့