ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများအား အကူအညီပေးရန်အတွက် ယူရို ၁၄၂ ဒသမ ၅ သန်းတန်ဖိုးရှိချေးငွေဆိုင်ရာသဘောတူညီချက်ကို ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ခရိုအေးရှားပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုဘဏ် တို့အကြားလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ယူရို သန်း ၄၀၀ တန်ဖိုးရှိ ချေးငွေအကူအညီအစီအစဉ်၏ ဒုတိယအသုတ်ချေးငွေဖြစ်ပြီး အထူးသဖြင့် လူငယ်အလုပ်အကိုင်ဖန်တီးရေးကို အားပေးသည့်အနေဖြင့် လူငယ်များကို အလုပ်အကိုင်ပေးအပ်သည့် လုပ်ငန်းများအား ပိုမိုသက်သာသောချေးငွေပေးအပ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ယင်းချေးငွေအစီအစဉ်သည် ဥရောပနှင့် ခရိုအေးရှားနိုင်ငံတို့၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကြီးမားဆုံးစိန်ခေါ်မှုများအနက် တစ်ခုဖြစ်သည့် လူငယ်အလုပ် လက်မဲ့ပြဿနာကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
ချေးငွေအစီအစဉ်သည် ငွေကြေးလည်ပတ်စီးဆင်းမှုနှင့် အလုပ်အကိုင်များကို ဆက်လက်ထိန်းထားနိုင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျိုးဆက်များမှ မြန်ဆန်စွာပြန်လည်နိုးထနိုင်ရေး ထပ်မံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်နေသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည်ဟုဆိုသည်။ ပြီးခဲ့သည့် မတ်လအတွင်းက ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများနှင့် mid-caps များအတွက် ယူရို ၂၄၀ သန်းတန်ဖိုးရှိ ချေးငွေကိုသဘောတူညီခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ်ချေးငွေသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်အနေဖြင့် လက်ရှိအချိန်ထိ ခရိုအေးရှားနိုင်ငံ စီးပွားရေး၏အရေးအကြီးဆုံးကဏ္ဍများတွင် ယူရို ၆ ဒသမ ၇၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ခရိုအေးရှားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုအတွက် ပံ့ပိုးကူညီပေးထားကြောင်း၊ ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများအတွက် ဘဏ္ဍာရေးအရင်းအမြစ် အသစ်များမှတစ်ဆင့် ပံ့ပိုးကူညီမှုမှာ ယူရို ၃ ဒသမ ၇၅ ဘီလီယံနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။
ရင်းမြစ် - (Croatiaweek)
ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့