Main menu

Background

ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုအလားအလာအပေါ် ရိုက်ခတ်နိုင်သည့် သက်ရောက်မှုများအား အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ သတိပေးထားခြင်း

Wed, 12/02/2020 - 11:01 -- journal_editor

လာမည့်လများအတွင်း ဥရောပ၏ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအခြေအနေများသည် သိသာသောပြောင်းလဲမှုများမရှိခဲ့လျှင် ယူရိုဧရိယာ၏ စီးပွားရေးတိုးတက်မှုသည် ယခင်ကခန့်မှန်းထားသည်ထက် ပိုမိုအားနည်းဖွယ်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) က သတိပေးထားသည်။ ယူရိုဇုန်အနေဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုအစီအမံများ ထပ်မံလိုအပ်နိုင်ဖွယ်ရှိမှုကိုလည်း ၂၀၂၀ ပြည့်နှစ် အတွက် ယင်း၏ထုတ်ပြန်ချက်တွင် IMF က ပြောကြားထားသည်။ အဖွဲ့ဝင်(၁၉) နိုင်ငံပါဝင်သည့် ယူရိုဇုန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အခြေအနေကြောင့် အသွားအလာ ကန့်သတ်မှုအစီအမံများ (lockdown) ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေရသဖြင့် စီးပွားရေးဆိုင်ရာယုံကြည်မှုအပေါ် ထိခိုက်မှုနှင့်အတူ ၎င်းဒေသ၏ စီးပွားရေးပြန်လည်နိုးထနိုင်မှုသည် ခြိမ်းခြောက်မှုခံနေရကြောင်း IMF က သတိပေးထားခြင်းဖြစ်သည်။

ယခုနှစ်၏ တတိယသုံးလပတ်ကာလတွင် စီးပွားရေးတိုးတက်မှုသည် မျှော်မှန်းထားသည် ထက် အနည်းငယ်ပိုမိုကောင်းမွန်သည့် အခြေအနေရှိခဲ့ရာမှ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် နောက်ဆုံးသုံးလပတ် တွင် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှု အားနည်းဖွယ်ရှိနေ သည်။ ထို့ကြောင့် ယူရိုဇုန်၏ကပ်ရောဂါအခြေအနေများ သိသာစွာပြောင်းလဲတိုးတက်မှုမရှိခဲ့လျှင် လာမည့် ၂၀၂၁ ခုနှစ်၏ပထမသုံးလပတ်တွင်လည်း ယူရိုဇုန်၏ စီးပွားရေး တိုးတက်မှုသည် ယခင်ကခန့်မှန်းထားသည်ထက် အားပျော့နိုင်သည်ဟု IMF က သတိပေးထားခြင်းဖြစ်သည်။ ကာလရှည်ကြာ ကျန်းမာရေးအကျပ်အတည်းဖြစ်ပေါ်နေမှုနှင့် စီးပွားရေးနိုးထမှုနှေးကွေးနေခြင်းသည် ပိုမိုကျပ်တည်း သည့်ဘဏ္ဍာရေးအခြေအနေများနှင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအပေါ် ထိခိုက်လွယ်သည့်အခြေအနေ ဆီသို့ဦးတည်စေနိုင်ပြီး လုပ်သားဈေးကွက်ဆုံးရှုံးမှုများသည် မညီမျှမှုနှင့်ဆင်းရဲနွမ်းပါးမှုများကို တိုးလာစေနိုင်ကြောင်း၊ အဆိုပါ သက်ရောက်မှုများသည် ယူရိုဧရိယာ၏ စီးပွားရေးတိုးတက်မှုအလားအလာကို ဖိအားဖြစ်စေမည်ဖြစ်ကြောင်း IMF က ဆိုသည်။

အီးယူ၏ ယူရို ၇၅၀ ဘီလီယံတန်ဖိုးရှိသည့် စီးပွားရေးနိုးထမှုအစီအစဉ်အပြီးသတ်အတည်ပြုရာ၌ ဖြစ်ပေါ်နေသည့် အတားအဆီးများကိုလည်း ကျော်လွှားနိုင်ရန်လိုအပ်ပြီး ထပ်မံနှောင့်နှေးမှုများရှိလာပါက ဥရောပဒေသ၏ စီးပွားရေး ပြန်လည်နိုးထနိုင်မှုအလားအလာများကို ထိခိုက်စေနိုင်ကြောင်း၊ ဥရောပဗဟိုဘဏ်၏ စီးပွားရေးလှုံ့ဆော်မှုအစီအမံများ ထပ်မံလိုအပ်ဖွယ်ရှိကြောင်းကိုလည်း IMF ကပြောကြားခဲ့သည်။ အီးယူနှင့်ဗြိတိန်နိုင်ငံတို့အကြား အနာဂတ် ကုန်သွယ်မှုဆက်ဆံရေးအတွက် စေ့စပ်ညှိနှိုင်းနေဆဲအခြေအနေများနှင့်  ညှိနှိုင်း၍မရခဲ့ပါက နှစ်ဘက်အကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် မသေချာမရေရာမှုများတိုးလာ စေကြောင်း၊ သို့သော်လည်း ဆေးဝါးကုမ္ပဏီကြီးများထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်းများထွက်ပေါ်လာမှုသည် အကျပ်အတည်းများကြားမှမျှော်လင့်ချက်ရောင်ခြည်သန်းလာမှုကို ဖော်ပြနေသည်ဟု IMF က ပြောကြားခဲ့ပါသည်။

ရင်းမြစ် -   (https://www.cnbc.com)

 ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့