Main menu

Background

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေး ၂၅ သန်း ရရှိရေးအတွက် ဗြိတိန်နိုင်ငံအခြေစိုက် AstraZeneca ဆေးဝါးကုမ္ပဏီနှင့်သဘောတူစာချုပ်လက်မှတ်ရေးထိုး

Wed, 12/02/2020 - 11:09 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကူးစက်ရောဂါကာကွယ်ဆေး ၃၀ သန်းအား ၂၀၂၁ ခုနှစ်အတွင်းရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်သူများသို့ ကတိပြုခဲ့ပြီးဖြစ်ရာ၊ COVID-19 ကူးစက်ရောဂါကာကွယ်ဆေး ၂၅ သန်းရရှိရေးအတွက် ဗြိတိန်နိုင်ငံအခြေစိုက် AstraZeneca  ဆေးဝါးကုမ္ပဏီနှင့် သဘောတူစာချုပ်လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း၊ အသေးစိတ်အစီအစဉ်များအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ဆန်းအတွင်း ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ကြောင်း (၃၀-၁၁-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ COVID-19 ကူးစက်ရောဂါကာကွယ်ဆေးအား ကိုရီယားသမ္မတနိုင်ငံရှိ SK Bioscience ဆေးဝါးကုမ္ပဏီမှ AZD1222 အမည်ဖြင့် တာဝန်ယူထုတ်လုပ်၍ ပြည်တွင်း၌ ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတ နိုင်ငံအစိုးရအနေဖြင့် ကာကွယ်ဆေးအရေအတွက်နှင့် သုံးစွဲမည့်ရန်ပုံငွေပမာဏတို့ကို တတိယအကြိမ် COVID-19 ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဘဏ္ဍာရန်ပုံငွေ (Third COVID-19 Emergeny Relief Fund) တွင် ထည့်သွင်း အတည်ပြုရေးအာဏာရပါတီနှင့် အတိုက်အခံပါတီတို့မှ ဆက်လက်ဆွေးနွေးနေကြကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှအဓိကတာဝန်ယူကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးရရှိသည့်အခါ ဖြန့်ဝေမည့်ဦးစားပေး အဆင့်စနစ်၊ စျေးကွက်အတွင်း မတန်တဆ စျေးနှုန်းမမြင့်မားစေရေးနှင့် ကုန်စည်မပြတ်လတ်စေရေးတို့ စသည်ကိုလည်း အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

ကိုရီးယားသမ္မတနိုင်ငံအတွင်း COVID-19 နေ့စဉ်ကူးစက်မှုနှုန်းသည် ၄၀၀ ဦးအထက်သို့ ပြန်လည်ရောက်ရှိနေခဲ့ပြီး အရေးကြီးဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်သည်ဟု ဝန်ကြီးချုပ် Chung Sye-kyun ကပြောကြားခဲ့ကြောင်း၊ အစိုးရ အနေဖြင့် ကာကွယ်ဆေး ၃၀ သန်းရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြည်သူများသို့ ကတိပြုခဲ့သော်လည်း အတိုက်အခံပါတီမှ အစိုးရအနေဖြင့် ထိုပမာဏထက်ပို၍ ဆောင်ရွက်ပေးသင့်သည်ဟု ဝေဖန်အကြံပြုခဲ့ကြောင်း သိရှိရပါ သည်။ 

ဆက်စပ်သတင်းမီဒီယာများတွင်ဖော်ပြချက်များအရ AstraZeneca ဆေးဝါးကုမ္ပဏီ အနေ ဖြင့် တောင်ကိုရီးယားနိုင်ငံ SK Bioscience ဆေးဝါးကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံအတွင်း ဖြန့်ဖြူးရေးအတွက်သာမက ကမ္ဘာ့စျေးကွက် သို့ဖြန့်ဖြူးရန်အတွက်ပါရည်ရွယ်၍ ထုတ်လုပ်သွားရန် သဘောတူညီထားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း AstraZeneca နှင့် Oxford University တို့ပူးပေါင်း၍ ထုတ်လုပ်မည့် COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေး ၂၆ သန်းအား ဝယ်ယူရန်သဘောတူလက်မှတ်ရေးထိုးကြပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှကုမ္ပဏီ ၃၀ ခန့်မှလည်း AstraZeneca ၏ COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေးအားအနည်းဆုံး ၂ ဒသမ ၆ သန်းခန့်ကို ဝယ်ယူရရှိရေး အတွက် လက်မှတ်ရေးထိုးကြပြီးဖြစ်ကြောင်း သိရှိရပါသည်။

AstraZeneca နှင့် Oxford University တို့ပူးပေါင်းမှု၏ အောင်မြင်မှုရလဒ်ဖြစ်သော AZD1222 အမည်ရှိ COVID-19 ကူးစက်ရောဂါကာကွယ်ဆေးသည် Phase 3 Clinical Trial အဆင့် စမ်းသပ်မှုခံယူရန် ပထမဆုံးဆေးဖြစ်သော ကြောင့် ကမ္ဘာတစ်ဝန်းလုံး၏ အာရုံစိုက်မှုကိုရရှိလျက်ရှိကြောင်း၊ AstraZeneca နှင့်တွဲဖက်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သည့် SK Bioscience သည်ကာကွယ်ဆေးနှင့်သက်ဆိုင်သည့် ဆေးဝါးများထုတ်လုပ်ခြင်းကို ကိုရီးယား သမ္မတနိုင်ငံဆိုးလ်မြို့တော်နှင့် ၂၇၀ ကီလိုမီတာအကွာ အန်ဒေါင်မြို့တွင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံအဝန်းသို့ ဖြန့်ဖြူးနိုင်ရေးအတွက် ပြည်တွင်းမိတ်ဖက်လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)