Main menu

Background

အောက်တိုဘာလတွင် စင်ကာပူသို့ နိုင်ငံခြားခရီးသည်ဝင်ရောက်မှု တိုးတက်လာသော်လည်း ကိုဗစ် ၁၉ ကာကွယ်ဆေးများက အဓိကကျနေ

Wed, 12/02/2020 - 12:54 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း စင်ကာပူသို့ နိုင်ငံခြားခရီးသည်ဝင်ရောက်မှု အခြေအနေသည် ၁၃,၄၀၀ ဦးသို့ ရောက်ရှိခဲ့သဖြင့် စက်တင်ဘာလတွင် ဝင်ရောက်ခဲ့သော ၉,၅၀၀ ဦးနှင့်နှိုင်းယှဉ်ပါက ၄၁ ဒသမ ၁ ရာခိုင်နှုန်းတိုး တက်ခဲ့ပါသည်။ ဤအခြေအနေမှာ စင်ကာပူ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်အသက်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ချက်များ၏ ရလဒ်ကောင်းများဖြစ်သော်လည်း ကိုဗစ် -၁၉ မဖြစ်ပွားမီ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းနေဆဲဖြစ်ပါသည်။

ခရီးသွားလာသည့် ရည်ရွယ်ချက်အပေါ် ကန့်သတ်ခြင်းမရှိဘဲ စင်ကာပူနှင့်ဟောင်ကောင်အကြား အပြန်အလှန်ကူးလူးသွားလာနိုင်မည့် "Air Travel Bubble - ATB" အစီအစဉ်ကို ၂၂ - ၁၁ - ၂၀၂၀ ရက်မှစတင်ရန် သဘောတူခဲ့ကြ သော်လည်း၊ ဟောင်ကောင်တွင်လတ်တလော ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်တက်လာသည့်အခြေအနေကြောင့် ဤအစီအစဉ်ကို ၂၀၂၁ ခုနှစ်ထဲသို့ ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် ပြန်လည်စတင်နိုင်မည့်ရက်ကို ဒီဇင်ဘာလကုန်တွင် သုံးသပ်သွားမည်ဖြစ်ကြောင်း စင်ကာပူလေကြောင်းပို့ဆောင်ရေးအာဏာပိုင်က ၁-၁၂-၂၀၂၀ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

နိုင်ငံတကာခရီးသွားလာမှုအပေါ် ယုံကြည်စိတ်ချမှုမြင့်တက်လာစေရန်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍပြန်လည်ဦးမော့လာစေရန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးများက အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်ဟု ပညာရှင်အချို့က ထောက်ပြကြပါသည်။ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ Moderna သည် ၎င်း၏ ကိုဗစ် -၁၉ ကာကွယ်ဆေးကို စင်ကာပူနိုင်ငံရှိသက်ဆိုင်ရာအာဏာပိုင်များ၏ ထောက်ခံချက်ရရှိရေးအတွက် ချဉ်းကပ် ဆောင်ရွက်လျက်ရှိပါသည်။ Moderna ၏ အမှုဆောင်အရာရှိချုပ် Stephane Bancel က စင်ကာပူကျန်းမာရေးသိပ္ပံအာဏာပိုင်နှင့် ဆွေးနွေးမှုများပြုလုပ်နေပြီး ဒီဇင်ဘာလတွင် သို့မဟုတ် ဇန်နဝါရီလတွင် ထောက်ခံချက်ရရှိနိုင်သည်ဟု မျှော်လင့်ထားပါကြောင်း ပြောကြားချက်များအရ  ကိုဗစ် -၁၉ ကာကွယ်ဆေးကို စင်ကာပူတွင်မကြာမီမြင်တွေ့လာဖွယ်ရှိပါသည်။

သတင်းရင်းမြစ် ။    ။ The Business Times

 မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့