Main menu

Background

ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်မှုကြောင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်နာလန်ထူလာ

Wed, 12/02/2020 - 12:59 -- journal_editor

ကိုဗစ် - ၁၉ ၏ ပြင်းထန်သောဂယက်ရိုက်ခတ်မှုများကြုံတွေ့ခဲ့ရသော စင်ကာပူနိုင်ငံရှိ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ကိုဗစ် ၁၉ မဖြစ်ပွားမီကာလ ၎င်းတို့ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းအတွင်း ပြန်လည် ရရှိလာကြပြီဖြစ်သည့်အတွက် လုပ်ငန်းများပြန်လည်နာလန်ထူလာနိုင်သည့်လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းရောက်ရှိလာပြီဖြစ်ကြောင်း၊ ဤအခြေအနေသို့ရောက်ရှိလာခြင်းမှာ အဓိကအားဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင် ရွက်မှုများကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing က ပြောကြားပါသည်။

စင်ကာပူတွင် စီးပွားရေးနှင့် လူမှုရေးဆောင်ရွက်ချက်များကို ကန့်သတ်ခဲ့သည့် "Circuit Breaker" ကာလ ဇွန်လနောက်ပိုင်းတွင်ပင် စားသောက်ကုန်များကို အွန်လိုင်းဖြင့် ပိုမိုရောင်းချလာကြပြီး စက်တင်ဘာလတွင် (၅)ကြိမ်လျှင် (၁)ကြိမ်မှာ အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ သည် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်အသုံးပြုဆောင်ရွက်ခြင်းကို အရှိန်မြှင့်တင်ပေးလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများက အစိုးရ၏ "Productivity Solutions Grant(PSG)" ထောက်ပံ့ကြေးလျှောက်ထားမှုသည် ယခင်နှစ်ကာလတူထက်လေးဆကျော်တိုးတက်ခဲ့ကြောင်း၊ ထိုသို့ လျှောက်ထားမှုများအနက် သတင်းအချက်နှင့်နည်းပညာ (IT) ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ကြေးလျှောက်ထားသည့်အရေအတွက်မှာ ၂,၇၀၀ ကျော်ပါဝင်ကြောင်း၊ ဤလုပ်ငန်းကဏ္ဍသည် စင်ကာပူ၏စီးပွားရေး (GDP) အပေါ် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့် ပံ့ပိုးပေးနေပြီး စုစုပေါင်းလုပ်သားအင်အား၏ ၅ ဒသမ ၅ ရာခိုင်နှုန်းကို အလုပ်အကိုင် ဖန်တီးပေးထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ် ။    ။ The Straits Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့